Skip to content

ချစ်ကြိုက်ကာ မေတ္တာမျှကြသည်မှာ လူ့သဘာဝပင်ဖြစ်သည်။ မေတ္တာဟူသည်မှာ အလွန်လှပသောအရာပင်ဖြစ်သည်။ သို့သော် ယနေ့ခေတ်ခါတွင် ထိုမေတ္တာဟူသည်ကို တလွဲအနက်ဖွင့်လာကြသည်။ ယုံကြည်သူများသည်လည်း လွဲမှားစွာ နားလည်ကာ အမှားကို အမှန်မှတ်လို့ မေတ္တာပြသည့်အနေဖြင့် မိမိတန်ဖိုးရှိလှသော အပျို/လူပျိုဖြစ်ခြင်းကို အပြစ်၏ တန်ဆာ ဖြစ်စေတတ်ကြသည်။

“အချင်းလူပျို သင်ချစ်သော ညီမကို တန်ဖိုးထားပါ”
“အချင်းပျိုမယ် သင်ချစ်သော အကိုကို လေးစားပါ”

မေတ္တာထားပါ၊ တန်ဖိုးထားပါ
အပြစ်ကို အပြစ်ဟု နားလည်ပြီး ရှောင်ကြဉ်ပါ။ အပြစ်သည် သင်ထင်ထားသည်ထက် အမြဲတမ်း ပိုကြောက်စရာ ကောင်းပါသည်။ နောင်လာနောင်ဈေး မလုပ်လိုက်ပါနှင့်၊ တန်ဖိုးကြီးလွန်းပါသည်။

မမှားဖူးသောသူမရှိ၊ လောကတွင် တစ်မျိုးတစ်ဖုံ မှားယွင်းကြသူများသာ ဖြစ်သည်။ ဤနေရာတွင် မှားဖူးသည်ဆိုလျှင်လည်း ဆက်မှားရန် ဘုရားသခင် အလိုမရှိပါ။ ပေါက်တဲ့နှဖူးမထူးဘူးဟု ဆိုကာ ဆက်မမိုက်ပါနှင့်။ နောင်တရပါ။ ဘုရားသခင်ထဲတိုးဝင်ပါ။ ဘုရားသခင်က အောင်နိုင်ရသော အခွင့်ကို ပေးပါလိမ့်မည်။ ဆက်မမိုက်ပါနှင့်။

အရှိအတိုင်း သင့်ကို ဘုရားသခင် လက်ခံခဲ့ရခြင်းသည် လက်ရှိ အရှိ/အဖြစ်အတိုင်း ဆက်သွားနေရန် အလိုမရှိသောကြောင့် ဖြစ်သည်။ ကောင်းသောအကျင့်၌ ကျင်လည်စေချင်းငှါ သင့်အား ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းအမှု၌ ပြင်ဆင်နှင့်ပြီး ဖြစ်သည်။

ကျမ်းစာက အောက်ပါအတိုင်း ပြောထားပါသည် –

အောက်ဖော်ပြပါကျမ်းချက်များကို ဆင်ခြင်အသက်ရှင်ပါ….

“သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော် ဖြစ်ကြသည်ကို၎င်း၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကို၎င်း မသိကြသလော။ အကြင်သူသည် ဘုရားသခင်၏ ဗိမာန်တော်ကို ဖျက်ဆီး၏။ ထိုသူကို ဘုရားသခင်ဖျက်ဆီးတော်မူလိမ့် မည်။ ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်းရ၏။ သင်တို့သည်လည်း၊ ထိုဗိမာန်တော် ဖြစ်ကြ၏။” (၁ ကော ၃:၁၆-၁၇)

“မတရားသောမေထုန်ကိုကြဉ်ရှောင်ကြလော့။ လူပြုတတ်သော အခြားဒုစရိုက် ရှိသမျှတို့သည် ကိုယ်ပြင် ၌ရှိ၏။ မတရားသော မေထုန်ကို ပြုသောသူမူကား၊ မိမိကိုယ်ကိုပင်ပြစ်မှား၏။ အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော်တည်း ဟူသော၊ သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့မပိုင်ကြောင်းကို၎င်း၊ မသိကြသလော။ သင်တို့သည် အဘိုးနှင့် ဝယ်တော်မူသော သူဖြစ်သောကြောင့်၊ ဘုရားသခင်ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကိုထင်ရှားစေကြလော့။” (၁ ကော ၆:၁၈-၂၀)

“အကယ်၍ သင်တို့သည် လက်ထပ်ထားခြင်း မရှိပဲ လိင်ဆက်ဆံနေသည် ဆိုပါက၊ ၎င်းသည် ချိန်းတွေ့ခြင်းမဟုတ် “ကာမေသုမိစ္ဆာမှု” လွန်ကျူးခြင်းဖြစ်သည်။”

စစ်မှန်သောမေတ္တာနှင့် ကာကွယ်စောင့်ရှောက်ကြပါလေ။

အကြံပြုချက်များ –

ချိန်းတွေ့ကြသည့်အခါ

* လူမမြင်နိုင်သည့်နေရာမျိုးကို လုံးဝမရွေးပါနှင့်။
* အထိအတွေ့များကို စည်းစောင့်ပါ။
* ပွေ့ဖက်ခြင်းများကို လုံးဝ မလုပ်မိပါစေနှင့်။
* မိသားစုနှင့်အတူ အိမ်‌တွင်တွေ့ဆုံပါ။
* မိမိကိုယ်ကို လုံးဝ မယုံကြည်ပါနှင့် (တပ်မက်မှုသည် အလွန်အားကြီးပေသည်)။
* အတူတကွ ဆုတောင်းကြပါ
* အခြားနေရာများ သွားမည့်အစား ဘုရားကျောင်း သို့မဟုတ် ကလေးများဂေဟာ စသည့်နေများသို့ သွားကာ အစေခံပါ။
* အရာရာတိုင်းသည် ဘုရားသခင် ရှေ့မှောက်တွင် ဖြစ်သည်ကို သိမှတ်ပါ။
* နှစ်ဦးသား ဘုရားဘုန်းတော်ထင်ရှားစေရန် တစ်ဦးကိုတစ်ဦး ကူညီပါ။
* အတူတကွ ကျမ်းစာဖတ်ရှု ဆင်ခြင်ပါ။
မင်္ဂလာရှိပါစေ