Skip to content

ခရစ်တော်ဖွားမြင်ချိန်တွင် ပေါ်ထွန်းခဲ့သော ဗက်လင် “ကြယ်” အား ရူပဗေဒနိယာများကို မသွေဖီဘဲ နက္ခတ္တဗေဒအားဖြင့် ရှင်းပြနိုင်မလား – (နောက်ဆုံးပိုင်း)

“အရှေ့ပြည်၌ ကြယ်” (ခေါ်) ဗက်လင် “ကြယ်” က ဘာများဖြစ်မလဲဆိုတာနဲ့ ပတ်သက်ပြီး နက္ခတ္တဗေဒဆိုင်ရာရှုထောင့်နဲ့ ရှေးဂရိနက္ခတ်ဗေဒဆိုင်ရာ သမိုင်းနောက်ခံများဖြင့်အပိုင်း – (၂) တွင်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ယခုနောက်ဆုံးပိုင်းမှာတော့ ကြုံတောင့်ကြုံခဲနက္ခတ္တဗေဒဆိုင်ရာဖြစ်စဉ်မျိုးနှင့် သခင်ယေရှုဖွားမြင်တော်မူခြင်းက ဘယ်လိုဆက်စပ်နေပါသလဲ။ မာဂုပညာရှိများက အဲ့ဒီ နက္ခတ္တဗေဒဆိုင်ရာဖြစ်စဉ်ကို ဘယ်လိုအနက်ဖွင့်ခဲ့ကြသလဲ။ ကြယ်က သူတို့ရှေ့ကနေသွားပြီး လမ်းပြပေးခဲ့တာလားဆိုတဲ့ မေးခွန်းများနဲ့ ပတ်သက်ပြီး ရှင်းပြပေးသွားပါမယ်။

တကယ်တော့ ရှင်မဿဲခရစ်ဝင်ကျမ်းမှာ မှတ်တမ်းတင်ထားတဲ့ မာဂုပညာရှိများဟာ သင်္ချာပညာရပ်များအပါအဝင် နက္ခတ်ဗေဒင်ပညာရပ်များကိုပါ တတ်ကျွမ်းပိုင်နိုင်တဲ့ ဘေဘီလိုးနီးယား(ဗာဗုလုန်) က ပုဂ္ဂိုလ်တွေဖြစ်မယ်လို့ နက္ခတ္တပညာရှင် Michael Molnar က ယုံကြည်ထားပါတယ်။ ပြီးတော့ အဲဒီ မာဂုပညာရှိတွေဟာ ဒါဝိဒ်မင်းကြီးရဲ့ တော်ဝင်မျိုးနွယ်ကနေဆင်းသက်လာမယ့် ရှင်ဘုရင်တစ်ပါး ပေါ်ထွန်းတော်မူဦးမယ့်အကြောင်းနဲ့ ပတ်သက်ပြီး ဓမ္မဟောင်းကျမ်းပါ ကြိုတင်ပရောဖက်ပြုချက် များကိုလည်း သိထားခဲ့ကြလိမ့်မယ်။ ပညာရှိများဟာ အထက်မှာဖော်ပြခဲ့တဲ့ ယုဒရှင်ဘုရင်ပေါ်ထွန်းမယ်လို့ အဓိပ္ပါယ်ရတဲ့ နက္ခတ္တဖြစ်စဉ်များကို နှစ်ပေါင်းများစွာ စောင့်ကြည့်နေခဲ့ကြလိမ့်မယ်။ သူတို့ဟာ ကြယ်များနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားသူတွေမို့ ကောင်းကင်မှာ ထူးခြားတဲ့နက္ခတ္တဖြစ်စဉ်များကို သတိထားမိတာနဲ့တစ်ပြိုင်နက် ကြွလာတော်မူမယ့် ထိုအရှင်ကိုရှာဖို့ ထွက်လာခဲ့ကြဟန်ရှိပါတယ်။ အကယ်လို့ ရှင်မဿဲခရစ်ဝင်ကျမ်းမှာ မှတ်တမ်းတင်ထားတဲ့ မာဂုပညာရှိများဟာ ဖွားမြင်တော်မူတဲ့ရှင်ဘုရင်ကို ရှာဖို့ရန် တကယ်ပဲ ခရီးနှင်လာခဲ့တယ်ဆိုရင် အဲ့ကြယ်က သူတို့အရှေ့က လမ်းပြပေးခဲ့တာကို ဆိုလိုတာ မဖြစ်နိုင်တော့ပါဘူး။ ပညာရှိများကို ဘယ်အချိန်မှာ သူငယ်တော်ကို ရှာဖို့ စပြီးထွက်လာရမလဲဆိုတာကို ဖော်ပြပေးတဲ့ ကြယ်(နက္ခတ္တဖြစ်စဉ်) မျိုးပဲ ဖြစ်ပေလိမ့်မယ်။ ပြီးတော့ ဘေဘီလိုးနီးယား(အရှေ့ပြည်) ကနေ ယုဒပြည်ကို ခရီးနှင်ဖို့ရန် ရှေးခေတ်က လမ်းပန်းဆက်သွယ်မှုမျိုးနဲ့ဆို အချိန် (၈) လလောက်ယူရပါလိမ့်မယ်။ ဒါကြောင့် ပညာရှိများက သူငယ်တော်ယေရှုကို ဖူးမြော်ရန်ရောက်ရှိချိန်တွင် သူငယ်တော်ဟာ (၈) လသား အရွယ်လောက်ဖြစ်နေလောက်ပါပြီ။ ဒါက အနုမာနယူဆချက်(Hypothesis) တစ်ခုသာဖြစ်ပါတယ်။ ဒီအနုမာနယူဆချက် မှန်မမှန် စစ်ဆေးဖို့ရန်လည်း လိုအပ်လာပါတယ်။

ကွန်ပျူတာနည်းပညာများအသုံးပြုကာ ယခု ဂြိုလ်များလှည့်ပတ်သွားလာပုံများကို ပုံတူပြုလုပ်ပြီး အတိတ်ကာလကို ပြန်လည်လေ့လာကြည့်ကြရာ ကြာသပတေးဂြိုလ်(Jupiter) ဟာ နေရဲ့ ဖုံးကွယ်မှုအောက်မှာ လအတန်ကြာ ပျောက်ကွယ်သွားပြီးမှ နေမထွက်ခင်လေး ကောင်းကင်ယံမှာ ပထမဦးဆုံးအကြိမ်ပြန်လည်ထွက်ပေါ်လာပြီး (Heliacal rising of Jupiter) နေ့လည်ခင်းဘက်မှာလည်မိဿနက္ခတ်တာရာ (constellation Aries) အတွင်းမှာ ကြာသပတေးဂြိုလ်ရဲ့ ရှေ့မှ ကမ္ဘာဂြိုဟ်ရဲ့ အရံလ ဖြတ်သွားခြင်း (Lunar occultation) ဖြစ်စဉ်တစ်ခုကိုBC ခုနှစ် ၊ ဧပြီလ ၁၅ ရက်နေ့မှာ ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိခဲ့ကြပြီး ကမ္ဘာမြေပြင်ကနေ ကြည့်ရင် မြင်တွေ့ရမယ့်ပုံစံအရ ကြာသပတေးဂြိုဟ်က ရွေ့နေရာကနေ ရပ်သွားပြီး အနောက်အရပ်ကနေ အရှေ့အရပ်ကို လမ်းကြောင်းပြောင်းသွားတယ်လို့ထင်ရတဲ့ အခိုက်အတန့်မျိုးကို တွေ့ခဲ့ရပါတယ်။ ပြီးတော့ ဒီဖြစ်စဉ်ဟာ ၆ BC ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်ထိ ကြာမြင့်ခဲ့ပါတယ်။ ဒါကြောင့် မာဂုပညာရှိတွေ ဗက်လင်မြို့(Bethlehem) မြို့ကို အစောဆုံးရောက်နိုင်တဲ့အချိန်မှာတော့ သူငယ်တော်ယေရှုဟာ () လသား အရွယ်လောက် ရှိနေလောက်ပါပြီ။ ပြီးတော့ ကျမ်းပညာရှင်များနဲ့ သမိုင်းပညာရှင်များက သခင်ယေရှုခရစ်တော်ဟာ ၆ BC နဲ့ ၇ BC အတွင်း မွေးဖွားခဲ့တာဖြစ်နိုင်ကြောင်း သမိုင်းအချက်အလက်များပေါ်မူတည်ပြီး ယူဆထားတာကြောင့် အထက်ပါ ကြယ်ပေါ်ထွန်းတဲ့ (Heliacal rising of Jupiter) အချိန်နဲ့ ကိုက်ညီမှုရှိတဲ့အတွက် ခုနကတည်ဆောက်ထားတဲ့ အနုမာနယူဆချက်ဟာ ယေဘုယျအားဖြင့် မှန်ကန်မှုရှိတယ်လို့ သုံးသပ်လို့ရပါတယ်။

Jupiter-JunoSpacecraft-20190212

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၂ ရက်နေ့တွင် ကြာသပတေးဂြိုဟ် (ခေါ်) ဂျူပီတာဂြိုဟ်အား ဂျူနိုအာကာသယာဉ် (Juno Spacecraft) မှ ရိုက်ကူးထားပုံ
Image is credited to: NASA

နိဂုံး

ဒါကြောင့် ရှင်မဿဲက သူ့ရဲ့ စာဖတ်သူတွေကို သခင်ယေရှုဟာ ကြိုတင်ပရောဖက်ပြုချက်အတိုင်း ကြွလာတော်မူတဲ့ ကယ်တင်ရှင် မေရှိ (Messiah) ဖြစ်ကြောင်းကို သိမှတ်ယုံကြည်စေလိုတာဖြစ်ပါတယ်။ သူ့ရဲ့ခရစ်ဝင်ကျမ်းထဲမှာ ရှေးဂရိနက္ခတ်ဗေဒင် ရေခံမြေခံသမိုင်းကြောင်းများကို ထည့်သွင်းထားပြီး ထိုခေတ်အခါက ဖြစ်ပျက်ခဲ့သော ထူးခြားတဲ့ နက္ခတ္တဖြစ်စဉ်များကို ဖော်ပြခြင်းအားဖြင့် သခင်ယေရှုဟာ လူ့သမိုင်းတွင် အမှန်တကယ် ဖွားမြင်တော်မူခဲ့ကြောင်း သက်သေအထောက်အထားနဲ့တကွတင်ပြပေးခဲ့တာဖြစ်ပါတယ် (စာရေးသူအတွက်ကတော့ သမ္မာကျမ်းစာဟာ ဘုရားသခင်ကိုယ်တော်တိုင် မှုတ်သွင်းတော်မူတဲ့ ဘုရားနှုတ်ကပတ်တော်ဖြစ်လို့ ကျိုးကြောင်းဆီလျော်မှုရှိရံုသာမက သိပ္ပံဆိုင်ရာ၊ သမိုင်းဆိုင်ရာအချက်အလက်များနှင့်ပါ ကိုက်ညီမှုရှိမည်ဖြစ်ကြောင်း ယုံကြည်ပါတယ်) ။ ဗက်လင်ကြယ် (ခေါ်) ခရစ္စမတ်ကြယ်နဲ့ ပတ်သက်တဲ့ ယခု သီအိုရီကို နက္ခတ္တပညာရှင် Michael Molnarက ရှေးဂရိနက္ခတ်ဗေဒင်ပညာရပ်နောက်ခံသမိုင်းများ၊ သမိုင်းပညာရပ်နဲ့ ခေတ်သစ်နက္ခတ္တပညာရပ်များအားလုံးကို လေ့လာသုံးသပ်ပြီးမှ ထောက်ပြတာဖြစ်ပါတယ်။ ယခု သီအိုရီကသာ အမှန်လို့ မဆိုလိုပါဘူး။ မည်သူကမျှ ဗက်လင်ကြယ်က ဘာများဖြစ်မလဲဆိုတာကို လုံးဝဥဿုံ တိတိကျကျမသိရှိကြသေးပါဘူး။ ယခုဆောင်းပါးတွင် အချက်အလက်ပိုင်းဆိုင်ရာ အမှားအယွင်းများရှိပါကလည်း မေတ္တာဖြင့် ပြင်ဆင်ထောက်ပြနိုင်ကြောင်း ကြိုဆိုဖိတ်ခေါ်အပ်ပါတယ်။ နက္ခတ္တပညာရှင် Michael Molnar ရဲ့ ရှင်းပြချက်နဲ့ ပတ်သက်ပြီး ပိုပြီး အသေးစိတ်သိချင်ရင် သူ့ရဲ့စာအုပ် The Star of Bethlehem: The Legacy of the Magi ကို ဖတ်ရှုလေ့လာကြည့်ရန် အကြံပြုလိုပါတယ်။ ဗက်လင်ကြယ်က ဘာများဖြစ်မလဲဆိုတာနဲ့ ပတ်သက်ပြီး နက္ခတ္တဗေဒဆိုင်ရာရှုထောင့်မှ ရှင်းပြထားတဲ့ အခြားသီအိုရီများလည်း ရှိပါသေးတယ်။ ပိုမိုလေ့လာလိုပါက အောက်ပါ ကိုးကားထားတဲ့ စာပေအရင်းအမြစ်များမှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်။ ခရစ်ယာန်များအဖို့ ဗက်လင်ကြယ်က ဘယ်လိုကြယ်အမျိုးအစားဖြစ်မလဲဆိုတာကို စဉ်းစားနေခြင်းထက် လူ့ဇာတိခံယူတော်မူသော ခရစ်တော်ယေရှုဘုရား၏ ဂုဏ်ကျေးဇူးတော်များအား ပိုမိုအောက်မေ့ဆင်ခြင်ကြပါရန် မေတ္တာဖြင့် တိုက်တွန်းအပ်ပါတယ်။ စာဖတ်သူများအားလုံး … Merry Christmas ပါလို့ ခရစ်တော်၏နာမတော်မြတ်၌ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ ဘုန်း အသရေတော်ကို ကြားပြော၍၊ မိုဃ်းမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏။
(ဆာလံကျမ်း ၁၉ : )

တဖန်ဘုရားသခင်က၊ နေ့နှင့် ညဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင်မျက်နှာကြက်၌ အလင်းအိမ်တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက်အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ။ မိုဃ်းကောင်းကင် မျက်နှာကြက်၌တည်၍ မြေကြီးလင်းစရာ အလင်းအိမ်ဖြစ်စေဟု အမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏။ ထိုသို့ ဘုရားသခင်သည် အလင်းအိမ်ကြီး နှစ်လုံးတည်းဟူသော နေ့ကိုအုပ်စိုးရသောအကြီးတလုံး၊ ညဉ့်ကိုအုပ်စိုးရသော အငယ်တလုံးနှင့်တကွ ကြယ်များတို့ကို ဖန်ဆင်းတော်မူပြီးလျှင်၊ မြေကြီး၌ လင်းစေခြင်းငှာ၎င်း၊ နေ့နှင်ညဉ့်ကို အုပ်စိုး၍ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားစေခြင်းငှာ၎င်း၊ မိုဃ်းကောင်းကင်မျက်နှာကြက်၌ ဘုရားသခင် ထားတော်မူ၏။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍၊ ညဦးနှင့် နံနက်သည် စတုတ္ထနေ့ရက် ဖြစ်လေ၏။

(ကမ္ဘာဦးကျမ်း ၁ : ၁၄ – ၁၉)

ကိုးကားထားသော စာပေအရင်းအမြစ်များ

ထာဝရဘုရား၏ သမ္မာကျမ်းစာ (ရှင်မဿဲခရစ်ဝင် ၂ : ၁ – ၁၂)

Can astronomy explain the biblical Star of Bethlehem? (phys.org)

Was the Star of Bethlehem a Star, Comet … or Miracle? (www.space.com)

The Christmas Star – BY HUGH ROSS (reasons.org)

Astrology vs Astronomy: What’s the Difference? (www.skyandtelescope.com)

Heliacal Rising – Wikipedia

Occultation – Wikipedia

Star – Wikipedia