ဗက်လင်ကြယ်နဲ့ ပတ်သက်ပြီး နက္ခတ္တဗေဒအတွက် ပဟေဠိလိုဖြစ်နေတဲ့အရာများကို အပိုင်း – (၁) တွင် ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒါဆို “အရှေ့ပြည်၌ ကြယ်” က ဘာများဖြစ်မလဲ၊ နက္ခတ္တဗေဒဆိုင်ရာ ပဟေဠိများအတွက် အဖြေရှိသလားဆိုတာနဲ့ ပတ်သက်ပြီး ဖော်ပြပေးသွားပါမယ်။
“အရှေ့ပြည်၌ ကြယ်” က ဘာများဖြစ်မလဲ။
ရှင်မဿဲပြောတဲ့ ဗက်လင်ကြယ်က ရူပဗေဒနိယာမလွန် အံ့ဩဖွယ်နိမိတ်လက္ခဏာတစ်ခုခုဖြစ်လိမ့်မယ်လို့ တချို့ကပြောကြတယ်။ ဒါပေမယ့် ရှင်မဿဲက စကားလုံးကို သေချာရွေးသုံးထားတာကို တွေ့ရပြီး “အရှေ့ပြည်၌ မြင်ရသောကြယ်” ဆိုတဲ့ စကားစုကို နှစ်ကြိမ်သုံးထားပါတယ်။ ရှင်မဿဲရဲ့ ဗက်လင်ကြယ်(အရှေ့ပြည်က ကြယ်) ဆိုတဲ့ စကားစုနဲ့လည်း သဟဇာတဖြစ်ရမယ်၊ ရူပဗေဒနိယာမကို လည်း မချိုးဖောက်ဘူး၊ ကျိုးကြောင်းဆီလျော်မှုလည်းရှိရမယ်၊ သမိုင်းကြောင်းအရသော်လည်းကောင်း၊ နက္ခတ္တဗေဒအရသော်လည်းကောင်း လေ့လာလို့ရနိုင်ရမယ် … အဲ့လိုမျိုး ရှင်းပြနိုင်တဲ့ရှင်းပြချက်မျိုး ရှိနိုင်မလား။ အဖြေကတော့ လုံးဝရှိပါတယ်။ လုံးဝရှင်းပြ နိုင်ပါတယ်။
နက္ခတ္တဗေဒ ပဟေဠိများအတွက် အဖြေများ
ဗက်လင်ကြယ်နဲ့ ပတ်သက်ပြီး နက္ခတ္တဗေဒဆိုင်ရာရှုထောင့်သပ်သပ်မှ ရှင်းပြနိုင်ရန်ကြိုးစားထားတဲ့ သီအိုရီ အနည်းဆုံး (၅) ခုလောက်ရှိပါတယ်။
၁။ ဂြိုဟ် (၂) ခု ပေါင်းဆုံခြင်း သီအိုရီ
၂။ ဂြိုဟ် တစ်ခုနဲ့ လင်းလက်သောကြယ်တစ်ခု ပေါင်းဆုံခြင်း သီအိုရီ
၃။ ဂြိုဟ်တစ်ခုခု၏ ရှေ့မှ ကမ္ဘာဂြိုဟ်ရဲ့ အရံလ ဖြတ်သွားခြင်း (Occultation ဖြစ်စဉ်) သီအိုရီ (ပုံ – ၄ ကို ကြည့်ပါ)
၄။ ဗက်လင်ကြယ်သည် ကြယ်တံခွန်တစ်ခုမျှသာဖြစ်မည် ဟူသော သီအိုရီ နှင့်
၅။ စူပါနိုဗာလို့ခေါ်တဲ့ ပေါက်ကွဲပြီး စူးစူးရှရှလင်းလက်နေသာ ကြယ်တစ်ခုမျှသာဖြစ်မည် ဟူသော သီအိုရီ ဆိုပြီးဖြစ်ပါတယ်။
စာမူအလျား မလိုအပ်ဘဲ ရှည်သွားမှာစိုးတဲ့အတွက် ဒီဆောင်းပါးမှာတော့ အထက်ပါ သီအိုရီအားလုံးကို မရှင်းပြတော့ပါဘူး။ ပိုပြီး အသေးစိတ်သိချင်ရင်တော့ ဆောင်းပါးအောက်ဆုံးမှာဖော်ပြထားတဲ့ ကိုးကားထားသောစာပေအရင်းအမြစ်များမှာ ကိုယ်တိုင်သွားရောက်ဖတ်ရှုလေ့လာလို့ရပါတယ်။
ပုံ – (၄) – ၂၀၁၉ ခုနှစ်၊ မတ်လ၊ ၂၉ ရက်၊ သောကြာနေ့တွင် ကမ္ဘာ့အရံလနှင့် စနေဂြိုဟ်(Saturn) အား အတူ တွေ့ခဲ့ရစဉ် (ဤအခြင်းအရာကို Occultation ဖြစ်စဉ် ဟုခေါ်သည်။ နေကြတ်ခြင်း(solar eclipse), လကြတ်ခြင်း(lunar eclipse) ကိုလည်း Occultation ဖြစ်စဉ်ဟု ခေါ်ပါသည်)
Image is credited to: https://www.universetoday.com
ရှင်မဿဲခရစ်ဝင်မှတ်တမ်းထဲက “အရှေ့ပြည်၌” ဆိုတဲ့မြန်မာကျမ်းစကားစုက မူရင်းကျမ်းမှတ်တမ်းမှာ အသုံးပြုထားတဲ့ ဂရိစကားစု ” ἐν τῇ ἀνατολῇ ” ကို ဆရာကြီးယုဒဿန်က စာသားအတိုင်းတိုက်ရိုက်ပြန်ဆိုပေးထားတာဖြစ်ပြီး ထိုစကားစုက လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ က ရှေးဂရိသင်္ချာဆိုင်ရာနက္ခဗေဒင်ပညာရပ်ဆန်တဲ့ အသုံးအနှုန်းတစ်ခုဖြစ်တယ်လို့ နက္ခတ္တပညာရှင် Michael Molnar က ထောက်ပြပါတယ်။ ထိုရှေးဂရိ သင်္ချာဆိုင်ရာနက္ခဗေဒင်က နေမထွက်လာမှီ အရှေ့မိုးကုတ်စက်ဝိုင်းကနေ ဂြိုဟ်တစ်ခု ပေါ်ထွက်လာမယ့်ဖြစ်စဉ်မျိုးကို တော်တော်လေးတိတိကျကျ တွက်ထုတ်နိုင်တယ်လို့ဆိုပါတယ်။ အဲ့လို နံနက်အာရံုဦးအချိန်လေးမှာမှ ဂြိုဟ်လေးတစ်ခုခုက ထွက်လာပြီး နေထွက်လာတဲ့အချိန်မှာတော့ နေရဲ့တောက်ပလွန်းတဲ့ နေရောင်ကြောင့် တဖန် မြင်ကွင်းကနေ ပြန်ပျောက်ကွယ်သွားတတ်ပါတယ်။ အဲ့လိုအချိန်မျိုးမှာဆို ဘယ်သူကမှ “အရှေ့ပြည်၌ ကြယ်” ကို မြင်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ထူးခြားပြီးလင်းလက်တဲ့ကြယ်လို့ ခေါ်တဲ့ ယခုဖြစ်စဉ်မျိုးကို မာဂုပညာရှိတွေကပဲ သတိထားမိပြီး ဟေရုဒ်မင်းကြီးအပါအဝင် သူ့ရဲ့ အကြံပေးပုဂ္ဂိုလ်တွေနဲ့ပညာရှင်တွေက ဘာလို့များ သတိမထားမိတာလဲဆိုတဲ့ ပထမဦးဆံုးနက္ခတ္တဗေဒဆိုင်ရာ ပဟေဠိအတွက် ဖြစ်နိုင်ချေအဖြေတစ်ခု ထွက်လာပါတယ်။
နက္ခတ္တဗေဒဆိုင်ရာ ရှုထောင့် (Astronomical Explanation)
ပထမဦးစွာ နက္ခတ္တဗေဒဆိုင်ရာ(Astronomical) အခြေခံဗဟုသုတအခံ ရှိထားရန် ရှင်းပြချင်ပါတယ်။ လူ့သမိုင်းတစ်လျှောက်မှာ ကမ္ဘာမြေပြင်ကနေကြည့်ရင် ကြယ်တွေက ဘယ်မှမရွေ့သွားဘဲ သူတို့နေရာမှာပဲ တည်မြဲနေတယ်လို့ ထင်ရပါတယ်။ နေ့ဘက်ရောက်ရင် မမြင်ရတော့ဘဲ ညဘက်ရောက်ရင် ကြယ်တွေကို ပြန်မြင်ရတယ်။ နှစ်တွေ ဘယ်လောက်ကြာကြာ ကြယ်တွေက ကမ္ဘာကနေကြည့်ရင် နဂိုနေရာမှာပဲ ရှိနေတယ်။ ဒါပေမယ့် နေရယ်၊ လရယ်၊ နေအဖွဲ့အစည်းအတွင်းက ဂြိုဟ်တွေရယ်ကျတော့ ခုနကနောက်ခံ ပုံသေကြယ်တွေကြားမှာ ဖြတ်သန်းသွားလာသလိုမြင်ရတယ်။ တကယ်တမ်း ဂြိုဟ်(Planet) ဆိုတဲ့ စကားလုံးက အပေါ်မှာ ပြောခဲ့ပြီးသလိုပဲ “မြောလွင့်နေသော ကြယ်” လို့အဓိပ္ပါယ်ရတဲ့ ဂရိစကားကနေ ဆင်းသက်လာတာပဲ ဖြစ်ပါတယ်။ နေကို လှည့်ပတ်နေတဲ့ ဂြိုဟ်တွေ ဟာ လှည့်ပတ်နေတဲ့ အရှိန်မတူတာကြောင့် တခါတရံ မှာ နေ ရဲ့နောက်ဘက် ကို တခြား ဂြိုဟ်ရောက်သွားတဲ့ အချိန် တွေရှိပါတယ်။ အဲ့လိုအချိန်ဆို အဲဒီဂြိုဟ်ကို မမြင်ရတော့ဘဲ နေ နဲ့ အဲ့ ဂြိုဟ် ပတ်လမ်း မထပ်တော့တဲ့ အချိန်ကျမှ ပြန်မြင်ရပါတယ်။
ရှေးဂရိနက္ခတ်ဗေဒင်ဆိုင်ရာ သမိုင်းနောက်ခံ (Ancient Greek Astrological Context)
ရှေးခေတ် နက္ခတ္တပညာရှင်အများစုတို့က ကြယ်များဟာ ကောင်းကင်ဘုံနဲ့ သက်ဆိုင်သော စက်ဝန်းကြီးတစ်ခုတွင် အသေနေရာချထားပြီး မပြောင်းလဲနိုင်သော အရာများဟု ယုံကြည်ခဲ့ကြတယ်။ ထုံးတမ်းစဉ်လာအရ နက္ခတ္တ ပညာရှင်တို့ဟာ ကြယ်များကို အစုဖွဲ့၍ နက္ခတ်တာရာများ အဖြစ်သတ်မှတ်ခဲ့ကြပြီး ၎င်းတို့ကို အသုံးပြုပြီး ဂြိုဟ်တို့၏ ရွေ့လျားပုံနှင့် နေကို ရည်ညွှန်း၍ ရောက်ရှိနေသော နေရာတို့ကို ခြေရာခံ စောင့်ကြည့်ခဲ့ကြပါတယ်။ ဒီနေရာမှာ နက္ခတ္တဗေဒ(Astronomy) နဲ့ နက္ခတ်ဗေဒင်(Astrology) က မတူဘူးဆိုတာ အသိပေးချင်ပါတယ်။ နက္ခတ္တဗေဒ(Astronomy) ဆိုတာ ကမ္ဘာ့လေထုအပြင်ဘက် အာကာသနဲ့ စကြဝဠာထဲမှာရှိတဲ့ အာကာသကိုယ်ထည်များ ( ဂြိုဟ်များ၊ ကြယ်များ၊ ဂယ်လက်ဆီများ) ၏ တည်နေရာ၊ ရွေ့လျားပုံတို့ကို သိပ္ပံနည်းကျလေ့လာတဲ့ပညာရပ်ဖြစ်ပြီး နက္ခတ်ဗေဒင်(Astrology) ကတော့ အာကာသ ကောင်းကင်မှာ ဖြစ်ပေါ်လာသမျှသော ဂြိုဟ်နက္ခတ်တာရာတို့၏ အထွန်း-အညှိုး-အငုပ်-အပေါ်၊ ကြယ်ကြွေခြင်း၊ နေကြတ်ခြင်းနှင့် လကြတ်ခြင်း၊ တိမ်တောက်ခြင်း၊ ဥက္ကာပျံခြင်း၊ ကြယ်တံခွန်ပေါ်ခြင်း၊ ဂြိုဟ်ပူးဂြိုဟ်မြင်ခြင်း မှစ၍ ဖြစ်ပေါ်လာသမျှသော တိတ်နိမိတ်များကို အခြေခံပြု၍ ဟောဆိုရတဲ့ ပညာတရပ် ဖြစ်ပါတယ်။ သို့သော် နက္ခတ်ဗေဒင်(Astrology) ဟောပြောမယ့်သူအနေနဲ့ နက္ခတ္တဗေဒဆိုင်ရာ အသိပညာ၊ ဗဟုသုတတော့ရှိရန် လိုအပ်ပါတယ်။ ခရစ်သက္ကရာဇ် ၁၆၀၀ အလွန် မတိုင်ခင်ထိတော့ နက္ခတ်ဗေဒင်(Astrology) ပညာရပ်ကို ရှေးလူကြီးများအဖို့ သိပ္ပံပညာတစ်ရပ်သဖွယ်လက်ခံခဲ့ကြသော်လည်း ယခုအခါ ၎င်းကို သိပ္ပံနည်းမကျသဖြင့် အယောင်ဆောင်သိပ္ပံ(Pseudoscience) စာရင်းသွင်းလိုက်ကြပါပြီ။ ဆက်လက်ပြီး ဗက်လင်ကြယ်ဟာ ဘာများဖြစ်မလဲဆိုတာကို ဖြေရှင်းနိုင်ရန် ခေတ်သစ် နက္ခတ္တဗေဒအပြင် ရှေးခေတ် နက္ခတ်ဗေဒင်ပညာဆိုင်ရာ(Astrological) ဗဟုသုတအနည်းငယ်ကိုပါ သိထားရန် လိုအပ်ပါလိမ့်မယ်။
ကျွန်တော်တို့ နေအဖွဲ့အစည်း (ခေါ်) နေစင်စု(Solar System) အတွင်း ဂြိုဟ်ကြီး၊ ဂြိုဟ်ငယ် ၈ လုံးတို့ဟာ မတူညီတဲ့အရှိန်နဲ့ နေဗဟိုပြုလျက် အသီးသီးလှည့်ပတ်နေကြရာ သာမာန်ကမ္ဘာမြေကြီးကနေ မြင်နေကျ ဂြိုဟ်များဟာ တခါတရံ မှာ နေ ရဲ့နောက်ဘက် ကို ရောက်သွားတဲ့အခါကျရင် အဲဒီဂြိုဟ်ကို မမြင်ရတော့ဘဲ နေ နဲ့ အဲ့ ဂြိုဟ် ပတ်လမ်း မထပ်တော့တဲ့ အချိန်ကျမှ ပြန်မြင်ရပါတယ်။ ဂြိုဟ်တစ်လုံးလုံးဟာ နေရဲ့ ဖုံးကွယ်မှုအောက်မှာ လအတန်ကြာ ပျောက်ကွယ်သွားပြီးမှ နေမထွက်ခင်လေး ကောင်းကင်ယံမှာ ပထမဦးဆုံးအကြိမ်ပြန်လည်ထွက်ပေါ်လာခြင်း အခိုက်အတန့်ကို နက္ခတ္တပညာရှင်များနဲ့ နက္ခတ်ဗေဒင်ပညာရှင်များက Heliacal Rising (ခေါ်) “နေဖုံးကွယ်မှုမြင်ကွင်းမှ လွတ်မြောက်ခြင်း / ပြန်လည်ထွက်ပေါ်ခြင်း” လို့ သိထားကြပါတယ်။ အဲ့လို Heliacal Rising ဖြစ်စဉ်ကို ရှေးခေတ်ဂရိနက္ခဗေဒင်ပညာရပ်ဝန်းက ” ἐν τῇ ἀνατολῇ ” (ခေါ်) “အရှေ့ပြည်၌ ကြယ်” လို့ ရည်ညွှန်းကြပါတယ်။ အထူးသဖြင့် ကြာသပတေးဂြိုဟ် (ခေါ်) ဂျူပီတာဂြိုဟ် (Jupiter) လိုမျိုး ဂြိုဟ်က လအတန်ကြာ နေရဲ့ အနောက်မှာပုံးကွယ်နေရာမှ တဖန်ပြန်ထွက်လာတဲ့နေ့မျိုးမှာ မွေးဖွားတဲ့မည်သူမဆို ထူးခြားတယ်၊ အရေးပါတယ်လို့ မှတ်ယူလေ့ရှိကြပါတယ်။ ဒါဆို “အရှေ့ပြည်၌ ကြယ်” ဆိုတာ ရှေးခေတ်ဂရိနက္ခတ်ဗေဒင်ဆိုင်ရာ ရေခံမြေခံသမိုင်းကြောင်းအရ ထူးခြားတဲ့ဖြစ်စဉ်တစ်ခုလို့ ယူဆတဲ့ နက္ခတ္တဗေဒဖြစ်စဉ်တစ်ခုပေါ့။
“ထိုမာဂုပညာရှိတို့သည် မင်းကြီးစကားကိုနာခံပြီးလျှင်ထွက်သွားကြ၍ အရှေ့ပြည်၌မြင်ရသောကြယ်သည် သူတို့ ရှေ့ကသွားသဖြင့် သူငယ်တော်ရှိရာအရပ်အပေါ်သို့ရောက်၍ တည်လျက်နေ၏။” ဟူသော ရှင်မဿဲ ၂ : ၉ တွင် “တည်လျက်နေ၏” ဆိုတဲ့ မြန်မာစကားစုက ရှေးခေတ်နက္ခတ်ဗေဒင်နဲ့ပတ်သက်ပြီး လေးနက်သောအဓိပ္ပါယ်ရှိတဲ့ ဂရိစကားလုံး “ἐπάνω” ကနေ ဆရာကြီးယုဒဿန်က တိုက်ရိုက်ဘာသာပြန်ထားပါတယ်။ ἐπάνω ဆိုတာ ကမ္ဘာမြေပြင်ကနေ ကြည့်ရင် မြင်တွေ့ရမယ့်ပုံစံအရ ဂြိုဟ်တစ်လုံးလုံးက ရွေ့နေရာကနေ ရပ်သွားပြီး အနောက်အရပ်ကနေ အရှေ့အရပ်ကို လမ်းကြောင်းပြောင်းသွားတယ်လို့ထင်ရတဲ့ အခိုက်အတန့်မျိုးကို ရည်ညွှန်းတဲ့စကားလုံးဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် ကမ္ဘာဂြိုဟ်(Earth) က အင်္ဂါဂြိုဟ်(Mars)၊ စနေဂြိုဟ်(Saturn) ဒါမှမဟုတ် ကြာသပတေးဂြိုဟ်(Jupiter) တို့ထက် နေနဲ့ ပိုပြီးနီးကပ်တဲ့ ပတ်လမ်းကြောင်းမှာ ရှိနေတဲ့အတွက် အခြားဂြိုဟ်များထက်ပိုပြီးမှ နေကို မြန်မြန်လှည့်ပတ်ပါတယ်။ အဲ့လိုလှည့်ပတ်ရာကနေ တခါတရံ မှာ နေ ရဲ့နောက်ဘက် ကို တခြား ဂြိုဟ်ရောက်သွားပြီး မြင်ကွင်း ထပ်နေတဲ့အချိန်တွေရှိတဲ့ဖြစ်စဉ်မျိုးကို ἐπάνω ဆိုပြီး သုံးထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ရှင်မဿဲ ၂ : ၉ မှာပါတဲ့ “တည်လျက်နေ၏” ဆိုတဲ့ မြန်မာစကားစုကလည်း အဲ့လိုအဓိပ္ပါယ်ကိုဆောင်ကြောင်း သိထားသင့်ပါတယ်။ နေမထွက်ခင်လေးမှာ သင့်တော်တဲ့ ဂြိုလ် (Planet) တစ်လုံးထွက်ပေါ်လာခြင်း၊ နေကလည်း သင့်တော်တဲ့ ရာသီခွင်ကြယ်စင်စု(the right constellation of the zodiac) များကြားတွင် ရှိနေခြင်းအပြင် အချို့ဂြိုလ်များရဲ့တည်နေရာများ ပူးကပ်သွားခြင်းလိုမျိုး နက္ခတ္တဗေဒဆိုင်ရာ ကြုံတောင့်ကြုံခဲဖြစ်စဉ်များ ပေါင်းစုံသွားခြင်းများကို တော်ဝင်ဇာတာခွင် (regal horoscope) အဖြစ်မှတ်ယူလေ့ရှိကြပြီး ရှင်ဘုရင်တစ်ပါးပါး ဖွားမြင်တော်မူမယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါဆို အဲ့ဒီ ကြုံတောင့်ကြုံခဲနက္ခတ္တဗေဒဆိုင်ရာဖြစ်စဉ်မျိုးနဲ့ သခင်ယေရှုဖွားမြင်တော်မူခြင်းက ဘယ်လိုဆက်စပ်နေပါသလဲ။ ဒါနဲ့ ပတ်သက်ပြီး နောက်ဆုံးပိုင်းဖြစ်တဲ့ အပိုင်း – (၃) မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။