Skip to content

ခရစ်တော်ဖွားမြင်ချိန်တွင် ပေါ်ထွန်းခဲ့သော ဗက်လင် “ကြယ်” အား ရူပဗေဒနိယာများကို မသွေဖီဘဲ နက္ခတ္တဗေဒအားဖြင့် ရှင်းပြနိုင်မလား – အပိုင်း – (၁)

ကယ်တင်ရှင်ခရစ်တော် ယေရှုရှင် မွေးနေ့တော်ပွဲ ခရစ္စမတ်စ်လမြတ်ရောက်သီရောက်လာတဲ့အခါတိုင်းမှာ ခရစ်ယာန်တို့ရဲ့အိမ်များ၊ ခရစ်ယာန်ဘုရားကျောင်းတော်များနှင့် အများပြည်သူနှင့်ဆိုင်သော စျေးဝယ်စင်တာကြီးများတွင် ဝင့်ကြွားစွာ အလှဆင်ထားတဲ့ ခရစ္စမတ်သစ်ပင်ကြီးများ(Christmas Tree) ကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ခရစ္စမတ်သစ်ပင်တိုင်းရဲ့ အပေါ်ဆုံးထိပ်နားလေးမှာ ကြယ်ပုံလေးကို ထောင်ထားလေ့ရှိတာကို သတိထားမိကြမှာပါ။ ခရစ္စမတ်သစ်ပင်ထိပ်မှာ အဲ့ ကြယ် လေးသာ မပါခဲ့လို့ရှိရင် ခရစ္စမတ်စ်အရသာကို အပြည့်အဝ မရသလို ခံစားရပြီး ခရစ္စမတ်စ်သစ်ပင်ဟာလည်း သာမန်အပင်တစ်ပင်နဲ့ ထူးမခြားနားဖြစ်သွားပါလိမ့်မယ်။ … ထိုကြယ်လေးကို အချို့က ဗက်လင်ကြယ်(Star of Bethlehem)၊ အချို့ကလည်း သူ(ယေရှုရှင်) ၏ ကြယ်၊ အချို့က ခရစ္စမတ်စ်ကြယ် (Christmas Star) ဆိုပြီး အမျိုးမျိုး ခေါ်ဝေါ်ကြပါတယ်။ ဗက်လင်ကြယ်နှင့် ပတ်သက်သော ခရစ္စမတ်ကယ်ရယ်လ်သီချင်း(Carol songs) များ၊ ရှေ့ပြည်မှရှင်ဘုရင်သုံးပါးကျူးကဲ့သို့သော ဂန္ထဝင်ခရစ်ယာန် ခရစ္စမတ်စ် ဓမ္မတေးများ၊ ခရစ္စမတ်စ်သစ်ပင်နှင့်ကြယ် စတဲ့အရာအားလုံးဟာ တကယ်တော့ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ က ရှင်မဿဲအမည်ရှိ ခရစ်ဝင်ကျမ်းရေးဆရာတစ်ဦးမှ ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး ၂ တွင် မှတ်တမ်းတင်ထားခဲ့သော ခရစ်တော်လူ့ဇာတိခံယူချိန်က ထူးခြားစွာ ပေါ်ထွန်းခဲ့ဖူးတဲ့ အရှေ့ပြည်မှ ကြယ်” ကို ပြန်လည်အောက်မေ့တမ်းတခြင်းဖြစ်ပါတယ်။ ထို ကြယ်ဟာ ခရစ်တော်ဖွားမြင်ခြင်းနှင့် မာဂုပညာရှိများက သူငယ်တော်ယေရှုလေး ကို လာရောက်ပြပ်ဝတ်ကိုးကွယ်ခဲ့ခြင်း အထိမ်းအမှတ်အဖြစ် အမှတ်တရသင်္ကေတလေးလည်း ဖြစ်ပါတယ်။ အဆိုပါ သမိုင်းမှတ်တမ်းကို ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂ အခန်းငယ် ၁ မှ ၁၁ တွင် ဖတ်ရှုလေ့လာနိုင်ပါတယ်။ (ရှင်မဿဲခရစ်ဝင်ကျမ်း ၂ : ၁၁)

ရှင်မဿဲ မှတ်တမ်းတင်ထားတဲ့ ခရစ်တော်ဖွားမြင်ချိန်တွင် ပေါ်ထွန်းခဲ့သော ထိုဗက်လင် “ကြယ်” ဟာ ဘာများဖြစ်မလဲ။ ဘုရားသခင်ရဲ့ တန်ခိုးတော်နဲ့ ဖန်ဆင်းလိုက်တဲ့ သဘာဝလွန်ဖြစ်ရပ်လား၊ သဘာဝလွန်အလင်းရောင်တစ်ခုခုများလား။ “ထိုမာဂုပညာရှိတို့သည် မင်းကြီးစကားကိုနာခံပြီးလျှင်ထွက်သွားကြ၍ အရှေ့ပြည်၌မြင်ရသောကြယ်သည် သူတို့ ရှေ့ကသွားသဖြင့် သူငယ်တော်ရှိရာအရပ်အပေါ်သို့ရောက်၍ တည်လျက်နေ၏။ဟူသော ရှင်မဿဲ ၂ : ၉ ထဲက ကျမ်းစာသားအတိုင်းတိုက်ရိုက(Literally) အနက်ပြန်ဆိုပါက ကြယ်ရဲ့ ရွေ့လျားပုံ၊ ကြယ်ရဲ့ ရုတ်တရက်ရပ်တန့်နိုင်စွမ်းနဲ့ သခင်ယေရှုဖွားမြင်ရာအရပ်တည့်တည့်မှာ တည်လျက်နေနိုင်တယ်ဆိုရင်တော့ သေချာတယ် အဲ့ဒါ ရိုးရိုးသာမာန် သဘာဝကြယ်တော့ မဖြစ်နိုင်ဘူး။ သဘာဝလွန်ဖြစ်ရပ်ပဲဖြစ်လိမ့်မယ်။ အကယ်လို့ သဘာဝလွန်ဖြစ်ရပ်သာဆိုရင် ရူပဗေဒနိယာမတွေသုံးပြီးတော့ သိပ္ပံနည်းကျ၊ ချက်ကျလက်ကျရှင်းပြနိုင်မှာ မဟုတ်တော့ပါဘူး။ ဘယ် သိပ္ပံနည်းကျရှင်းပြချက်မှလည်း မလိုတော့ပါဘူး။ ဘုရားသခင်က အနန္တတန်ခိုးတော်ရှင်ဖြစ်တာမို့လို့ လူသားတို့ လက်လှမ်းမမှီနိုင်တဲ့ သဘာဝလွန်နိမိတ်လက္ခဏာတွေကို အသုံးပြုနိုင်ပါတယ်။ စာရေးသူကိုယ်တိုင်လည်း ဘုရားသခင်ကို အကြွင်းမဲ့ယုံကြည်ပါတယ်။ ဒါပေမဲ့ ရှင်မဿဲ ၂ : ၉ ထဲက ကျမ်းစာသားကို စာသားအတိုင်းတိုက်ရိုက်ချည်း မပြန်ဆိုဘူးဆိုရင်တောင် လူသားတို့အထဲတွင် ကိန်းအောင်းနေတဲ့ စူးစမ်းသိလိုစိတ်(Curiosity) အရ ဗက်လင်ကြယ်ပေါ်ထွန်းခဲ့တယ်ဆိုတဲ့စကားက ကျမ်းစာဖတ်သူတွေ ဇာတ်ရှိန်တက်အောင်ရေးထားတဲ့ စိတ်ကူးယဉ်ဒဏ္ဍာရီသက်သက်များလား ဒါမှမဟုတ် နက္ခတ္တဗေဒရှုထောင့်က ကြည့်ရင်ရော မှန်ကန်မှုရှိတဲ့အရာ သဲလွန်စတစ်ခုခုများ ပါဝင်နေမလားဆိုပြီး မေးခွန်းတွေထုတ်နေပါလိမ့်မယ်။

နက္ခတ္တဗေဒအတွက် ပဟေဠိလိုဖြစ်နေသောအရာများ

ပုံ – (၁) – ဥက္ကာပျံ၊ ကြယ်တံခွန်၊ ဂြိုဟ်သိမ်ဂြိုဟ်မွှား စသည့်အရာများပုံ

ညဘက်ကောင်းကင်ထက်မှာ လင်းလက်နေပြီး နက္ခကြည့်သူတွေကို သတိထားမိစေတဲ့ အာကာသကိုယ်ထည်တစ်ခုခုဟာ ရှေးလူကြီးတွေအတွက်တော့ ကြယ်” ပါပဲ။ သူတို့အတွက် ကြယ် ဆိုတာ Shooting stars or falling stars လို့ခေါ်တဲ့ ဥက္ကာပျံ (Meteors) တွေဖြစ်နိုင်သလို Hairy stars လို့ခေါ်တဲ့ ကြယ်တံခွန်တွေ (Comets) လည်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း Supernova လို့ ခေါ်တဲ့ ပေါက်ကွဲပြီး စူးစူးရှရှတောက်ပနေတဲ့ ကြယ်လည်းဖြစ်နိုင်ပါသေးတယ်။ ဒါ့အပြင် ယနေ့ ကျွန်တော်တို့ အခေါ် ဂြိုဟ်(Planet) ဆိုတဲ့အရာကလည်း ရှေးနက္ခတ္တပညာရှင်များအတွက်ကတော့ မြောလွင့်နေသောကြယ်များ(Wandering Stars) ဖြစ်နေပြန်ပါတယ်။ တကယ်တမ်း ကျွန်တော်တို့ ပြောပြောနေကြတဲ့ မိုးသောက်ကြယ်(Morning Star) ဆိုတာကလည်း အမှန်တော့ ကြယ် မဟုတ်ပါဘူး။ သောကြာဂြိုဟ် (Venus) သာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ရှေးလူကြီးတွေက ဂြိုဟ်တွေကို မြောလွင့်နေသောကြယ် လို့ပြောတာလည်း မဆန်းပါဘူး။ အဲ့ဒီ ရေခံမြေခံသမိုင်းကြောင်းတွေအရ ရှင်မဿဲပြောတဲ့ ကြယ်” ဆိုတဲ့ ဝေါဟာရက တော်တော်လေးကျယ်ပြန့်ပါတယ်။ ယနေ့ခတ်မှာကျတော့ ကြယ်” ဆိုတာက ကြီးမား တောက်ပပြီး ဆွဲငင်အားဖြင့် စုစည်းထားသော ပလာစမာ အလုံးကြီးဖြစ်ပါတယ်။ ကျမ်းရေးဆရာပြောတဲ့ ကြယ်ဆိုတဲ့အရာက ဘာကို ဆိုလိုချင်မှန်းသိနိုင်ဖို့ရန် ဆက်လက်လေ့လာကြရအောင်။

ပုံ – (၂) – ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်၊ နေမထွက်ခင် အရှေ့အရပ်ကောင်းကင်ယံတွင် မြင်တွေ့ရတဲ့ သောကြာဂြိုဟ်၊ အင်္ဂါဂြိုဟ်နဲ့ ကြာသပတေးဂြိုဟ် ပုံ
Image is credited to: https://cosmicpursuits.com

နောက်ပြီး ဗက်လင်ကြယ် (ခေါ်) ခရစ္စမတ်စ်ကြယ် အကြောင်းကို ပိုပြီးနားလည်ချင်ရင် ကျွန်တော်တို့ မာဂုပညာရှိတွေ နေရာကနေ ခဏလောက်ဝင်စဉ်းစားကြည့်ဖို့လိုပါလိမ့်မယ်။ ရှင်မဿဲ ၂ : ၉ အရ မာဂုပညာရှင်များက ဗက်လင်ကြယ်နောက်လိုက်ပြီး ဗက်လင်မြို့ကို ဆိုက်ဆိုက်မြိုက်မြိုက်တန်းရောက်သွားတာ မဟုတ်ပါဘူး။ သူတို့က “အရှေ့ပြည်က ကြယ်” ကို တွေ့ပြီး ဟေရုဒ်မင်းကြီးရှိရာ ယေရုရှလင်မြို့ကို ဦးစွာရောက်ရှိလာခဲ့ကာ ယခု ဖွားမြင်သောယုဒရှင်ဘုရင် ဘယ်မှာရှိပါသလဲဆိုပြီး မေးမြန်းခဲ့တာပဲဖြစ်ပါတယ်။ ဒီနေရာမှာ ဟေရုဒ်မင်းကြီးနေရာကနေလည်း ကျွန်တော်တို့ ခေတ္တ ဝင်စဉ်းစားကြည့်ဖို့လိုပါလိမ့်မယ်။ ယုဒရှင်ဘုရင်အကြောင်းမေးတော့ ဟေရုဒ်မင်းကြီး စိုးရိမ်ပူပန်မှုတွေဖြစ်သွားပြီး အဲ့ကြယ်က ဘယ်အချိန်တုန်းက ပေါ်ထွန်းခဲ့သလဲဆိုတာကို မာဂုပညာရှိတွေကို ပြန်မေးပါတယ်။ သဘောက

ပဟေဠိ ၁။ အဲ့လိုထူးခြားပြီးလင်းလက်တဲ့ကြယ်ကို မာဂုပညာရှိတွေကပဲ သတိထားမိပြီး ဟေရုဒ်မင်းကြီးအပါအဝင် သူ့ရဲ့ အကြံပေးပုဂ္ဂိုလ်တွေနဲ့ပညာရှင်တွေက ဘာလို့များ သတိမထားမိတာပါလိမ့်။ ဒီဖြစ်စဉ်က ပထမဦးဆံုးခရစ္စမတ်စ်ရဲ့ ပထမဦးဆံုးနက္ခတ္တဗေဒဆိုင်ရာ ပဟေဠိပဲဖြစ်ပါတယ်။

ပုံ – (၃) – ယေရုရှလင်မြို့မှ ဗက်လင်မြို့သို့ သွားရာလမ်းပြမြေပုံ

နောက်ပြီးတော့ သူငယ်တော်ဖွားမြင်တော်မူရာ ဗက်လင်မြို့ကို ရောက်ဖို့ဆိုရင် ယေရုရှလင်မြို့ကနေ တောင်ဘက်(South) ကို တိုက်ရိုက်ဆင်းလာလို့ရပါတယ်။ (ပုံ ၃ ရှိ မြေပုံတွင် ကြည့်ပါ)
ရှင်မဿဲခရစ်ဝင်ကျမ်းတွင် ကြယ်က နှစ်ကြိမ်ပေါ်ထွန်းပါတယ် “အရှေ့ပြည်၌မြင်ရသောကြယ်သည် သူတို့ ရှေ့ကသွားသဖြင့် သူငယ်တော်ရှိရာအရပ်အပေါ်သို့ရောက်၍ တည်လျက်နေ၏။” ကို ကျမ်းစာသားအတိုင်း တိုက်ရိုက်ချည်း အနက်မပြန်ရင်တောင်မှ အရှေ့ပြည်က ကြယ်က သူတို့ကို ဗက်လင်မြို့ရောက်အောင် လမ်းညွှန်ပေးခဲ့တယ်ဆိုတဲ့ သဘောတော့ပါပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ နက္ခတ္တဗေဒအတွက် ခရစ္စမတ်စ်နဲ့ သက်ဆိုင်တဲ့ ဒုတိယမြောက်ပဟေဠိထွက်လာပါတယ်။

ပဟေဠိ ၂။ ဘယ်လိုလုပ်ပြီး အရှေ့ပြည်က ကြယ်က မာဂုပညာရှိတွေကို တောင်အရပ်မှာ ရှိတဲ့ ဗက်လင်မြို့ဆီကို လမ်းပြပေးခဲ့တာပါလိမ့်။ မြောက်အရပ်မှာရှိတဲ့ ကြယ်က ခြေလျင်ခရီးထွက်ရင်း လမ်းပျောက်နေတဲ့သူတွေကို မြောက်အရပ်ကို လမ်းညွှန်ပေးသလို အရှေ့ပြည်က ကြယ်ကလည်း မာဂုပညာရှိတွေကို အရှေ့အရပ်ကိုပဲ လမ်းညွှန်ပေးသင့်တယ် မဟုတ်ပါလား။

တတိယမြောက် နက္ခတ္တဗေဒဆိုင်ရာ ပဟေဠိကတော့ ရှင်မဿဲပြောတဲ့

ပဟေဠိ ၃။ ကြယ်က မာဂုပညာရှိတို့ရဲ့ဘယ်လိုဘယ်ပုံ ရှေ့ကသွားပြီး သူငယ်တော်ရှိရာ နွားစာခွက်အပေါ်ရောက်မှ တည်လျက်နေတာလဲ ဆိုတာပဲဖြစ်ပါတယ်။ ဘယ်ကြယ်အမျိုးအစား၊ ဘယ်ဂြိုဟ်အမျိုးအစားကမှ အဲ့လို လိုသလိုရွေ့လျား၊ ရပ်တန့်နိုင်တာမျိုး ရူပဗေဒနိယာမအရ မရှိကြောင်း၊ မဖြစ်နိုင်ကြောင်း ခေတ်သစ်နက္ခတ္တဗေဒပညာရှင် (Astronomer) များက သိရှိထားကြပါတယ်။ ဒါဆို “အရှေ့ပြည်၌ ကြယ်” က ဘာများဖြစ်မလဲ။ အထက်ပါ နက္ခတ္တဗေဒဆိုင်ရာ ပဟေဠိများအတွက် အဖြေရှိသလား။ ဒါနဲ့ပတ်သက်ပြီး အပိုင်း – (၂) တွင် ဆက်လက်ဖော်ပြသွားပါမယ်။