ဒီမေးခွန်းကို လူငယ်တွေ သင်တန်းပေးတိုင်း မပါမဖြစ် အမေးခံရတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ ဟုတ်တယ် .. စီရင်ရမယ်လို့ဖြေပြီဆိုရင်တော့ ချက်ခြင်း ကျမ်းစာမှာ “သူတစ်ပါးရဲ့ အမှု၌ စီရင်ခြင်းကို မပြုကြနဲ့” လို့ ပါတယ်လေ ဆိုပြီး တုန့်ပြန်ခံရပါတယ်။ အများစုက ကျမ်းစာက တရားစီရင်တာ၊ ဝေဖန်တာတွေကို ခွင့်မပြုဘူးလို့ ခံယူကြတာ လေ့လာတွေ့ရှိရပါတယ်။ ဒီမေးခွန်းကို မေးတဲ့သူတွေလည်း ကြည့်လိုက်ရင် ဥပဒေ(Law) တက်တဲ့ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေ များပါတယ်။ တစ်ချို့လူငယ်တွေကလည်း တရားသူကြီးလည်း ဖြစ်ချင်ကြတော့ ဒုက္ခစတွေ့တာပေါ့။ ဒါဆိုရင် ရှေ့နေနဲ့ တရားသူကြီးတွေ ခရစ်ယာန်ဖြစ်ရင် လုပ်လို့မရတော့ဘူးလား ဆိုပြီး ဇဝေဇဝါဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ဒီကိစ္စကို အထူးသဖြင့် ခရစ်ယာန်လူငယ်များ အတွက် နားလည်အောင် ရှင်းပြခြင်းဖြစ်ပါတယ်။ “သူတစ်ပါးရဲ့ အမှု၌ စီရင်ခြင်း” နှင့် ပတ်သက်ပြီး သမ္မာကျမ်းစာအားဖြင့် မလေ့လာခင်လေး ယုတ္တိဗေဒ(Logic) အရ အရင်လေ့လာ ကြရအောင်။
(၁) ဒဿနိကဗေဒ (Philosophy) ဆိုင်ရာအရ
ဒဿနိကဗေဒဆိုင်ရာအရ “သူတစ်ပါးကို တရားမစီရင်နဲ့” ဆိုတဲ့စကားကိုယ်၌က တရားစီရင်ခြင်းသာ ဖြစ်ပါတယ်။ အလွယ်ပြောရရင် လူတစ်ဦးက တရားစီရင်လို့ မစီရင်နဲ့လို့ပြန်ပြီး တရားစီရင်ခြင်းသာဖြစ်ပါတယ်။ ဥပမာ – မဝေဖန်နဲ့ ဆိုတဲ့စကားက ဝေဖန်မှုတစ်ခုကို မဝေဖန်ဖို့ ပြန်လည်ဝေဖန်ခြင်းသာ ဖြစ်ပါတယ်။ ဒါကို ယုတ္တိမရှိသော (သို့) အဓိပ္ပာယ်မရှိသော ပြောဆိုမှု ( Illogical Statement) လို့ခေါ်ပါတယ်။ ဒါကြောင့် ယုတ္တိဗေဒ (Logic) အရ သူတစ်ပါးကို တရားမစီရင်နဲ့ (Don’t Judge) ဆိုတာရှေ့နောက် မညီညွတ်တဲ့( Self Defeating Statement) စကားသာ ဖြစ်ပါတယ်။
(၂) နိုင်ငံရေး (Political) ဆိုင်ရာအရ
တရားစီရင်ခြင်း ဆိုတာနိုင်ငံတစ်နိုင်ရဲ့ အဓိက မဏ္ဍိုင်တစ်ခုဖြစ်ပါတယ်။ ဒီမီုကရီစီနိုင်ငံရေး စနစ်ဆိုတာ လွတ်လပ်စွာ တရားစီရင်ခွင့် နှင့် လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့်တို့ကို အခြေခံတဲ့ စနစ်ဖြစ်ပါတယ်။ နိုင်ငံရေးဆိုင်ရာအရပြောရင် “သူတစ်ပါးကို တရားမစီရင်နဲ့” ဆိုတာ မတရားတာ အားလုံးလုပ်ခွင့်ရှိတယ် ဆိုတာနဲ့ အတူတူပါ။ နိုင်ငံတော် သီချင်းစဆိုတဲ့အခါ “တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ” ဆိုပြီး သီဆိုကြပါတယ်။ အဲတော့ တရားမျှတဖို့ အတွက် တရားစီရင်ခြင်းကလွဲပြီး တစ်ခြားနည်းလမ်း မရှိပါဘူး။ တရားစီရင်ခြင်း ဆိုတဲ့အတိုင်း တရားမျှတစွာ တရားစီရင်နိုင်မှ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတော် တည်ဆောက်နိုင်မှာပါ။
(၃) လူ့ကျင့်ဝတ် (Ethical) ဆိုင်ရာအရ
လူရယ်လို့ ဖြစ်လာပြီ ဆိုရင် လူ့ကျင့်ဝတ်ဆိုင်ရာ မလိုက်နာလို့မရပါဘူး။ ဥပမာ – အိမ်ထောင်ရေး ဖောက်ပြန်တာကို လူ့ကျင့်ဝတ်ဆိုင်ရာအရ မှန်တယ်၊ မှားတယ်လို့ သတ်မှတ်ဖို့က လူ့ကျင်ဝတ် တရားစီရင်ခြင်း ( Moral Judgment) ကို အသုံးပြုရတယ်။ ဘာသာရေးဆိုင်ရာ သွန်သင်မှုကနေ လူ့ကျင့်ဝတ်တွေ ဖြစ်လာသလို လူ့ကျင့်ဝတ် အသိတရား(Moral Conscience) ကနေ လူကျင့်ဝတ်ဆိုင်ရာတွေကို သိနားလည်နိုင်ပါတယ်။ ဘာသာမဲ့ဝါဒသမားတွေလည်း အမှား၊ အမှန်ရှိတယ်ဆိုတာ လက်မခံလို့မရပါဘူး။ အဲတော့ အမှား၊ အမှန်ကို ခွဲခြားသိမြင်နိုင်ဖို့ တရားမစီရင်လို့မရပါဘူး။ လူကျင့်ဝတ်ဆိုင်အရ “သူတစ်ပါးကို တရားမစီရင်နဲ့” ဆိုတာက အမှား၊ အမှန်ဆိုတာ အရေးမကြီးဘူး ဆိုတာနဲ့ အတူတူပါ။ အမှား၊အမှန် အရေးမကြီးဘူးလို့ ဆိုတဲ့သူက ဆက်မှားသူတဲ့ သူပါ။ တစ်ချို့ပြောတတ်ကြတယ် “မင်းကိုယ်တိုင် ပြည့်စုံမှ စီရင်ပါတဲ့” ။ ပြည်စုံတဲ့ လူသားမရှိတော့ မစီရင်နဲ့လို့ ပြောခြင်းသာ ဖြစ်ပါတယ်။ ပြည်စုံမှ စီရင်ရမှာ မဟုတ်ပါဘူး။ ဥပမာ – ကိုယ်တိုင် မုန့်ဟင်းခါး မချက်တတ်ပေမယ့် ငံရင် ငံတယ်၊ ချဉ်ရင် ချဉ်တယ်၊ တူးရင် တူးတယ်၊ ပြောတတ်၊ ဝေဖန်တတ်ဖို့တော့ လိုအပ်ပါတယ်။ အရာအားလုံး မပြည်စုံနိုင်ရင်လည်း မှားနေတဲ့အရာကို မှားမှန်းသိပြီး ပြင်ရဲတဲ့ သတ္တိရှိပြီးဝေဖန် စီရင်ရဲဖို့ လိုပါတယ်။
(၄) သမ္မာကျမ်းစာ (Biblical) ဆိုင်ရာအရ
တရားစီရင်ခြင်းဆိုတာ ကျမ်းစာတစ်ခုလုံးရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်။ အာဒံ နှင့် ဧဝက စပြီး ဘုရားသခင် တရားစီရင်ခဲ့ပါတယ်။ တိုင်းနိုင်ငံတွေကို အုပ်ချုပ်ဖို့ ဘုရင်တွေ၊ တရားသူကြီးများ နှင့် ပရောဖက်တို့ကို ဘုရားကိုယ်တိုင် ရွေးချယ်ခွဲခန့်ပြီး တရားစီရင်စေခဲ့ပါတယ်။ (တရားသူကြီးမှတ်စာ ၂: ၁၈ ၊ ရောမသြဝါဒစာ ၁၃: ၁)
ယေရူခရစ်တော်က “မျက်စိမမြင်သော သူသည် မြင်စေခြင်းငှါလည်းကောင်း၊ မြင်သောသူ ကန်းစေခြင်းငှါ လည်းကောင်း ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာပြီ” မိန့်ဆိုခဲ့ပါတယ်။ (ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၉: ၃၉)။
ယေရူခရစ်တော် ကိုယ်တိုင် အမှား၊ အမှန်အတွက်၊ အပြစ်တွေအတွက် တရားစီရင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေက မခံမရပ်တွေဖြစ်ပြီး အပြစ်ရှာ သေဒဏ်စီရင်ဖို့ ကြီုးစားခဲ့ကြတာပါ။ ဗိမာန်တော်ထဲမှာ ယေရူခရစ်တော်က “တရားသဖြင့် စီရင်ကြလော့” လို့ ဆုံးမသြဝါဒ ပေးခဲ့ပါတယ်။ (ရှင်ယောဟန် ၇:၂၄)
တစ်နေ့ ယုံကြည်သူများက ခရစ်တော်နဲ့ အတူ တရားစီရင်ခွင့်ရမယ်ဆိုတာ ကျမ်းစာမှာ သွန်သင်ထားပါတယ်။(ရှင်မဿဲ ၁၉ : ၂၈)
တမန်တော်တွေနဲ့ အသင်းတော် ဦးဆောင်ခဲ့တဲ့ ဖခင်တွေက ဝေဖန်သုံးသပ် တရားစီရင်ခဲ့ကြတယ်ဆိုတာ ခရစ်ယာန်သမိုင်းမှာ ထင်ရှားစွာတွေ့ရပါတယ်။ ဒါကြောင့် ဘယ်သူက မိစ္ဆာဒိဌိ (Heresy) ၊ ဘယ်သူက မှားယွင်းစွာ သွန်သင်လဲဆိုတာ ခွဲခြားသိမြင်ခဲ့ကြတာပါ။ မစီရင်ခဲ့ကြရင် ယုံကြည်ခြင်းဆိုင်ရာ အမှား၊ အမှန် ခွဲခြားလို့မရပါဘူး။ ရှင်ပေါလုက နှုတ်ကပတ်တော် ဟောပါ၊ အပြစ်ကို ဖော်ပြပါ လို့ သွန်သင်ခဲ့ပါတယ်။ (၂ တိမောသေ ၄ : ၂) ။ နောက်ပြီးတော့ “ဤတရားစကားကို ဟောပြောခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမ ပြစ်တင်ခြင်းတို့ကို ခပ်သိမ်းသော အာဏာနဲ့ တကွပြုလော့” လို့ ရှင်းရှင်းလင်းလင်း သွန်သင် ထားပါတယ်။ ( တိတု ၂ : ၁၅) ဝိညာဉ်လူဆိုတာ အရာအားလုံးကို ပိုင်ခြားနိုင်တယ် (သို့) တရားစီရင်နိုင်တယ်လို့ ကောရိန်သုဩဝါဒစာ ပဌမစောင် ၂ : ၁၅ သွန်သင်ထားပါတယ်။ သူများအမှားကို ပြောစရာမလိုဘူး၊ ဝေဖန်စရာမလိုဘူး ၊ တရားစီရင်ဖို့ မလိုဘူးလို့ ပြောတဲ့၊ ဟောတဲ့ သူတွေက သေသေချာချာ ကျမ်းစာဖတ်ပြီး မလေ့လာကြလို့ပါ ဆိုပြီး စီရင်ပါရစေ။ နေပါဦး … သမ္မာကျမ်းစာက မစီရင်နဲ့လို့ပြောတဲ့ နေရာရှိတယ်ဆိုပြီး စောဒကတွေ တတ်နေကြဦးမယ်။ တရားမစီရင်နဲ့ (Don’t Judge) ဆိုတဲ့ကျမ်းကို နောက်ဆုံး လေ့လာရအောင်။
ကျမ်းစာတစ်ခုလုံးမှာ “သူတစ်ပါးရဲ့အမှု၌ စီရင်ခြင်းကို မပြုကြနှင့်။” (ရှင်မဿဲခရစ်ဝင်ကျမ်း ၇ : ၁) ဆိုတဲ့ကျမ်းချက်က ကြာဖူးသမျှကျမ်းထဲမှာ တရားဟောဆရာတွေ အနက်ပြန်လွဲတာ အများဆုံးကျမ်းဖြစ်ပါတယ်။ အထူးသဖြင့် အမှုတော်ဆောင် ဆရာ၊ ဆရာမတွေ အဝေဖန်ခံရပြီဆိုရင် သူတို့ရဲ့ လက်ကိုင်တုတ် ကျမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလို မိမိအမှားကို ကာကွယ်ဖို့ ကျမ်းချက်တွေ အသုံးပြုခြင်းက အရမ်းကို အန္တရာယ်များတဲ့အပြင် ဘုရားကို လူမိုက် အားပေးစေရာ ရောက်တယ်ဆိုတာ သတိထားဖို့ လိုအပ် ပါတယ်။ လိုချင်တဲ့ အချက်လေးတွေကိုပဲ ဆွဲယူလို့မရပါဘူး။ ယေရူ ခရစ်တော်က တရားမစီရင်နဲ့ ဆိုတဲ့ နောက်မှာ ဘာပြောလဲဆိုတာ ဆက်ပြီး လေ့လာဖို့လိုသလို ကျမ်းရဲ့ ဆက်စပ်စဉ်းစားရမယ့် အကြောင်းအရာ (သို့) အခြေအနေ (Context) ကိုလည်း ဆက်လေ့လာဖို့လို့ပါတယ်။ ဒါမှ ကျမ်းချက်က ဘာကိုဆိုလိုတာလဲ ဆိုတာ မှန်ကန်စွာ သိနိုင်မှာပါ။ ဒီကျမ်းချက်က တရားစီရင်ဖို့ တားမြစ်တဲ့ ကျမ်းမဟုတ်ပါဘူး။ ဘယ်လို မှန်ကန်စွာ စီရင်မလဲဆိုတာကို သွန်သင်ခြင်းသာ ဖြစ်ပါတယ်။ အခန်းငယ် ၂ ကနေ ၅ ထိကြည့်ရင် ဟန်ဆောင်ပြီး တရားမစီရင်ဖို့၊ ကိုယ့်အားနည်းချက်တွေ မသိဘဲ မစီရင်ဖို့၊ ကိုယ့်မျက်စိမှာ ရှိတဲ့ အမှိုက်ကို အရင်ထုတ်ပြီးမှ ညီအစ်ကို မျက်စိမှာရှိတဲ့ အမှိုက်ကို ထုတ်ဖို့ သွန်သင်ခြင်းဖြစ်ပါတယ်။ ပြောချင်တာက ကိုယ်တိုင် အမှန်တရား လမ်းသွားပြီးမှ သူတစ်ပါးကို လမ်းမှန်ပို့စေခြင်းပါ။ မျက်ကန်းက မျက်ကန်း လမ်းပြရင် ချောက်ထဲကျဖို့ပဲ ရှိတယ်လေ။ သူတော်ကောင်း ယောင်ဆောင်ခြင်း (ကြောင်သူတော်) ကို အဓိက ကျမ်းစာက ဆန့်ကျင်ခြင်း သာဖြစ်ပါတယ်။ အခန်းငယ် ၆ မှာ ဖြူစင်တဲ့ အရာကို ခွေးမပေးနဲ့၊ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချနဲ့လို့ ပိုင်းခြားစီရင်စေပါတယ်။ အခန်းငယ် ၁၅ မှာ မိစ္ဆာပရောဖက်တို့ကို သတိထား ပိုင်ခြားစီရင်ခိုင်းတာတွေ့ရပါတယ်။ ဒါကြောင့် မစီရင်ခိုင်းခြင်းမဟုတ် တရားမျှတမှုနဲ့ မှန်ကန်စွာ ဝေဖန်ပိုင်းခြား စီရင်ဖို့သာ လိုအပ်ပါတယ်။
အရေးကြီးဆုံးက တရားမစီရင်ဖို့ မဟုတ်ဘဲ မှန်ကန်စွာ တရားစီရင်ဖို့သာ လိုအပ်ပါတယ်။ ဘုရားသခင်က တရားမျှတတဲ့ ဘုရားဖြစ်သလို တရားမျှတမှုကို လိုလားတဲ့ဘုရားဖြစ်ပါတယ်။ တရားစီရင်တဲ့အခါ၊ ဝေဖန်တဲ့အခါ ခွင့်လွတ်တဲ့စိတ်၊ နူးညံ့သိမ်မွေ့တဲ့ စိတ်သဘောထား၊ အမှန်သိစေလိုတဲ့ စိတ်သဘောထား၊ ကိုယ်ချင်းစာနာတတ်တဲ့ နှလုံးသား၊ နှိမ့်ချတဲ့ စိတ်သဘောထား ရှိဖို့သာအရေးကြီးပါတယ်။( တိတု ၃ : ၂၊ ရှင်မဿဲ ၅ : ၇၊ ရှင်မဿဲ ၇ : ၂)
ကျွန်တော်တို့ရဲ့ ဝေဖန်သုံးသပ်စီရင်ခြင်းက ကဲ့ရဲ့ဖို့မဟုတ်ဘဲ အမှန်တရားနဲ့ တရားမျှတမှုရှိစေလိုတဲ့ စိတ်ဆန္ဒသာ ရှိဖို့လိုအပ်ပါတယ်။ ချစ်ခြင်းမေတ္တာ၊ အမှန်တရားနဲ့ တရားမျှတမှု ဒီကမ္ဘာမှာ ဆက်လက်ရှင်သန်ဖို့ သမ္မာတရား စွဲကိုင်ပြီး ဝေဖန်သုံးသပ် တရားစီနိုင်ကြပါစေ….။
– မေတ္တာဖြင့်
– ရှိုင်းကိုကိုလင်း (SLT)
ပိုမိုလေ့လာဖတ်ရှုနိုင်ရန် အကြံပြုလိုသော စာပေများ
– Who are you to Judge by Erwin W. Lutzer
– A little book for New Philosophers by Paul Copan
– Apologistic Study Bible
– ESV Study Bible