ကျွန်တော်တို့ ဟာ တကယ်ပဲ ဘဝရဲ့အစိတ်အပိုင်းတစ်ခုမှာ ကောင်းကြီးခံရပြီ၊ မျက်နှာသာရပြီ၊ ဆိုရင်တော့ သေချာပါတယ်၊ နောက်အစိတ်အပိုင်းတစ်ခု မှာ ကျွန်တော်တို့ရဲ့ အသွေးအသားဟာ ပြင်းပြင်းထန်ထန် ထိုးနှက်ခြင်းခံရပြီဖြစ်တယ်ဆိုတာ သိလိုက်ပါ။ အဲဒီထိုးနှက်ချက်တွေဟာ သိပ်နာကျင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို အဲဒီအရာက ညသန်းခေါင်အချိန်မှာ သခင့်ကို အော်ခေါ် တတ်စေပါတယ်၊ ဆုတောင်းစေပါတယ်။ ကျွန်တော်တို့ကို တဖြည်းဖြည်း သခင့်ခြေတော်ရင်းမှာ ဦးညွှတ်စေပါတယ်။ ကျွန်တော်တို့ ရယူပြီးမြောက်နိုင်ခဲ့သမျှအရာအားလုံးကို အဲဒီ “ဆူး” ဟာ ပြန်လည်ဆွဲချပြီး “တစ်ဖက်ခြမ်းမှာ ရှိတဲ့ နှိမ့်ချခြင်း” ဆီကို ပို့ဆောင်ပေးတတ်ပါတယ်။ ကျွန်တော်တို့ နားလည်ရမှာက ဘဝဟာ သူ့ဟာနဲ့သူ ဟန်ချက်ညီပြီး၊ နာကျင်ခြင်းဝေဒနာနဲ့ ကင်းလွတ်တဲ့သူ တစ်ဦးတစ်ယောက်မျှ မရှိဘူးဆိုတာပါပဲ။ ဘယ်သူမှ အရာအားလုံးကို မရနိုင်ပါဘူး။ ထာဝရဘုရားဟာ မျက်နှာသာပေးတတ်သော ဘုရားဖြစ်တော်မူသလို တရားမျှတတဲ့ ဘုရားလည်းဖြစ်ပါတယ်။ သင့် ဘဝမှာ သင်ပိုင်ပိုင်နိုင်နိုင် မဆုပ်ကိုင်နိုင်တဲ့ အရာတစ်ခုဟာ အမြဲတမ်းရှိနေပါလိမ့်မယ်၊ အဲဒီအရာကပဲ သင့်ကို နှိမ့်ချတဲ့စိတ်သဘောဆီသို့ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ အဲဒီအပိုင်းမှာ သင်ဟာ ထိုးနှက်ခြင်းကို ခံရမှာပါ။ သင်ဟာ အဲဒီအပိုင်းမှာ နှိမ့်ချခြင်းကို သင်ယူရမှာဖြစ်ကြောင်း အပိုင်း (၁) တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။
Overwhelm (လွှမ်းမိုးနေသောအရာ)
“ငါခံရသော ဗျာဒိတ်တော်အလွန်ထူးမြတ်၍ ငါသည်ထောင်လွှားသောစိတ် မရှိစေခြင်းငှာ ငါ့ကိုဒဏ်ခတ်သော စာတန်၏တမန် တည်းဟူသော ငါ့ကိုယ်၌ စူးသောဆူးကိုပေးတော်မူ၏။– ထိုဆင်းရဲခြင်းနှင့် ကင်းလွတ်မည်အကြောင်း သုံးကြိမ်မြောက်အောင် သခင်ဘုရားကို ငါဆုတောင်း၍ အသနားတော်ခံပြီးလျှင် … ”
၂ ကော ၁၂ : ၈
တမန်တော်ကြီး ရှင်ပေါလုဟာ အဲဒီ “ဆူး” ဆိုတဲ့အရာကို အလွန်ပဲလေးလံတဲ့ ဝန်ထုပ်တစ်ခု သူ့ထံကနေ ဘုရားက ယူသွားပေးဖို့ ဆုတောင်းသလိုမျိုး ဆုတောင်းခဲ့တာပါ။ သူဟာ အဲဒီအရာကို ဖယ်ရှားပေးဖို့ “သုံးကြိမ်တိုင်တိုင်” ဆုတောင်းခဲ့ပါတယ်။ တမန်တော်ကြီးရဲ့ ဆုတောင်းဟာ သူ့အပေါ်ကိုလွှမ်းမိုးနေတဲ့အရာကို ဖယ်ရှားပေးဖို့ ဆုတောင်းတာဖြစ်ပါတယ်။ အဲလိုဆုတောင်းခြင်းမျိုးဟာ ကျွန်တော်တို့ အောင်မြင်ခြင်း၊ကျရှုံးခြင်း နဲ့ ပတ်သက်ပြီးဆုတောင်းနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဘယ်နေရာမှာ ကောင်းအောင်လုပ်ဆောင်နိုင်ပြီး ဘယ်နေရာမှာ မလုပ်နိုင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးလည်း ဆုတောင်းနေတာ မဟုတ်ပါဘူး။ ဘယ်အရာကိုကောင်းစွာအောင်မြင်ကျော်လွှားနိုင်ဖို့၊ မကျရှုံးဖို့ ဆုတောင်းနေတာလဲမဟုတ်ပါဘူး။ အဲဒီ ဆုတောင်းဟာ “ကျွန်တော်တို့ကို ဘယ်အရာက လွှမ်းမိုးထားသလဲ” ဆိုတဲ့အရာအပေါ်မှာ ဆုတောင်းနေခြင်းပဲဖြစ်ပါတယ်။ စဉ်းစားကြည့်ကြပါစို့၊ ဘယ်အရာဟာကျွန်တော်တို့ကို လွှမ်းမိုးထားပါသလဲ။ ကျွန်တော်တို့ဘဝကို ခြယ်လှယ်နေပါသလဲ၊ ကျွန်တော်တို့ကို အုပ်မိုးထားပါသလဲ။
တမန်တော်ကြီးရှင်ပေါလု အနေနဲ့ အခုလိုပဲ တွေးတော ရေရွတ်မိကောင်းမိပါလိမ့်မယ်။
အို… အဖ၊ အကျွနု်ပ် ကိုယ်တော့်အတွက်လုပ်စရာတွေ အများကြီးကျန်ပါသေးတယ်၊ ဓမ္မသစ်ကျမ်းစာစောင်(New Testament Writings) တွေ အများကြီး ရေးဖို့ကျန်သေးတယ်။ တည်ဆောက်ပေးခဲ့တဲ့ အသင်းတော်တွေကို ပြန်လည်ကြည့်ရှုဖို့ ကိစ္စတွေလည်းအများကြီးကျန်သေးတယ်။ ကျွန်ုပ်ဟာ ကိုယ်တော်သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ တန်ခိုးနဲ့ ဧဝံဂေလိသတင်းကောင်းကို အားကြီးစွာဟောကြားခဲ့တယ်။ သေဘေးနဲ့ပဲဖြစ်ဖြစ်၊ ထောင်ထဲမှာပဲဖြစ်ဖြစ် မကြောက်မရွံ့ မညည်းမညူဘဲ အမှုတော်ကိုဆောင်ရွက်ခဲ့ပါတယ်။ နာတဲ့သူကို သခင့် နာမတော်အားဖြင့် ပျောက်ကင်းစေတယ်၊ သေတဲ့သူအပေါ်လက်တင်ပြီး သခင့်တန်ခိုးအားဖြင့် ပြန်ရှင်စေခဲ့တယ်။ အကျွနု်ပ်အခြားသော များပြားတဲ့ ထင်ပေါ်ကျော်ကြားမှုတွေ၊ အောင်မြင်မှုတွေ၊ ဂုဏ်အသရေတွေ စတာတွေ တစ်ခုအတွက်ကိုမျှ မတောင်းဆိုခဲ့ပါဘူး။ အခု အကျွန်ုပ်အတွက် “ကိုယ်ပိုင်တောင်းဆိုချက်လေးတစ်ခု” ကိုပဲ သခင်နားညောင်းပေးတော်မူပါ။
>> အကျွန်ုပ်အား လွှမ်းမိုးနေသောအရာ ကို ဖယ်ရှားပေးတော်မူပါ။ <<
ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအရာဟာ အကျွန်ုပ်ကို လွန်စွာမှလွှမ်းမိုးနေလို့ပါ သခင်၊ အကျွန်ုပ်အတွက် လေးလံလွန်းလှပါတယ်၊ အမြဲတမ်းအကျွန်ုပ်ကို ဆွဲချလျက်ရှိတယ်၊ အာရုံကိုပျက်ပြားစေပါတယ်။
အဲဒီ ဆုတောင်းဟာ ကျွန်တော်တို့ ပိတ်ရက်မှာဈေးဝယ်ထွက်ရင်း ကားပါကင် ရဖို့အတွက် ဆုတောင်းတဲ့ ဆုတောင်းမျိုးမဟုတ်ပါဘူး။ တမန်တော်ကြီးရှင်ပေါလုရဲ့ ဆုတောင်းဟာ ဘယ်လောက်အားကြီးလဲဆိုတာ ကျွန်တော်တို့အားလုံးနားလည်ပါတယ်။ တစ်ကြိမ်တည်းတောင် မဟုတ်ပါဘူး။ သုံးကြိမ်တိုင်တိုင် ဆုတောင်းတာပါ၊ ရှင်ပေါလု သေနေတဲ့သူကို ပြန်ရှင်အောင် သုံးကြိမ်ဆုတောင်းစရာမလိုခဲ့ပါဘူး။ (ကျွန်တော်တို့ဟာ တစ်ခြားသူတွေအတွက် ဆုတောင်းတဲ့ အခါ ဘုရားကသိပ်ကောင်းပြီး ကိုယ်ကိုယ်တိုင်အတွက် ဆုတောင်းတဲ့အခါမှာတော့ သိပ်မကောင်းတော့သလိုမျိုး ဖြစ်ခဲ့ဖူးပါသလား။ တစ်ခြားသူတွေအပေါ်မှာတော့ ဘုရားက သိပ်ကောင်းပြီး ကိုယ့်အတွက်ကျတော့ ဘာလို့လဲ ဆိုတဲ့ မေးခွန်းတွေပဲ ကျန်နေတာမျိုး ကြုံဖူးပါသလား။) တမန်တော်ကြီးဟာ မြို့တစ်မြို့လုံးကိုတောင်မှ ဘုရားသခင်တန်ခိုးတော် အားဖြင့် ပြောင်းလဲနိုင်ခဲ့စွမ်းအားရှိခဲ့ပေမယ့် သူ့ကိုယ်ပိုင် ပြဿနာအတွက်တော့ မဖြေရှင်းနိုင်တော့ဘူးလား။ သူ့အနေနဲ့ “သခင် ၊ သခင်သာ ကျွန်ုပ်ရဲ့ ဆူးကို ဖယ်ရှားပေးလိုက်မယ်ဆိုရင် ကျွန်ပ်ဟာ သခင်ဖြစ်စေချင်တဲ့အတိုင်းလည်း ဖြစ်နိုင်မယ်၊ ပြီးတော့ သခင်အတွက်ရော သခင်ရဲ့ အမှုတော်အတွက်ရော ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်နိုင်ပါလိမ့်မယ်၊ အဲဒါလေးကို ပဲ ဖယ်ရှားပေးတော်မူပါ ” ။ အဲလိုသာ ကိုယ်တော်လုပ်ပေးမယ်ဆိုရင် ကျွန်ုပ်ဟာ အကျွန်ုပ်အတွက်ပိုကောင်းတဲ့အကျွန်ုပ်ဖြစ်လာမှာ ဖြစ်သလို သခင်အတွက်လည်းပိုကောင်းတဲ့ “ပေါလု” ဖြစ်လာမှာဖြစ်ပါတယ်။ အကျွန်ုပ်သာ အဲဒီ “ကန့်သတ်ချက်” မရှိဘူးဆိုရင် ပိုကောင်းလာမှာသေချာပါတယ် ဆိုပြီး ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ညည်းတွားမိခဲ့မှာပါ။
ကဲ … ကျွန်တော်တို့လည်း စဉ်းစားကြည့်ရအောင်၊ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဆူးလေးတွေ အကြောင်းပေါ့။
“ငါ့မှာ အဲဒီ အားနည်းချက်တစ်ခုရှိတယ်။ အဲဒါဟာ ငါ့ကို ပြည့်စုံစေတဲ့ အခြေအနေကနေ အမြဲတမ်း ဝေးကွာနေစေတယ်၊ အဲဒီ ဆူးနဲ့တူတဲ့ အရာဟာ ငါ့ကို အမြဲတမ်းလွှမ်းမိုးနေတယ်။ အို … အဖ ဘုရား၊ အဲဒီအရာလေးကိုသာ ကိုယ်တော်ဖယ်ရှားပေးမယ်ဆိုရင် ကျွန်တော်ဟာ ပိုကောင်းတဲ့ သင်းအုပ်ဆရာတစ်ယောက်ဖြစ်လာပါလိမ့်မယ်၊ ပိုကောင်းတဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်၊ ပိုကောင်းတဲ့ တရားဟောဆရာတစ်ယောက်၊ ပိုကောင်းတဲ့ ဖခင်တစ်ယောက်၊ ပိုကောင်းတဲ့ ခရစ်ယာန်တစ်ယောက် ဖြစ်လာပါလိမ့်မယ်။ အဲဒါလေးကို ပဲ သခင်ဖယ်ရှားပေးလို့ မရဘူးလား??????? ကျွန်တော်တို့ဟာ ကျွန်တော်တို့ကို လွှမ်းမိုးထားတဲ့ အရာအတွက် များစွာဝမ်းနည်းကြေကွဲရပါတယ်။ လူပေါင်းများစွာကို ပြောင်းလဲစေခဲ့သူ၊ ဝိညာဉ်တန်ခိုးနဲ့တကွ သေသူကိုရှင်စေခဲ့သူ၊ အနာရောဂါကို ငြိမ်းစေခဲ့သူ၊ ဓမ္မသစ်ကျမ်း တော်တော်များ များကို ရေးသားခဲ့သူ တမန်တော်ကြီး ရှင်ပေါလု ၊ သူ့ကိုယ်ပိုင် ဆုတောင်းတစ်ခုအတွက် ဘုရားဆီတိုးဝင်တဲ့အခါမှာ သူ့ရဲ့တောင်းဆိုချက်ဟာ “အာဏာနဲ့ပယ်ချ” (Overruled) ခံခဲ့ရပါတယ်။ ၎င်းကို အပိုင်း – (၃) တွင် ဆက်လက်လေ့လာသွားကြပါမည်။