လူတော်တော်များများဟာ “ဘုရား” က မိမိဆုတောင်းတာကို နားညောင်းအောင်၊ ဘုရားဆီကနေ အဖြေရအောင် ဘယ်လိုနေ၊ ဘယ်လိုထိုင်ရမယ်၊ ဘယ်လို ကြွေးကြော်ရမယ်၊ ဘယ်လိုစိတ်ထားရမယ်၊ ဘယ်လိုမျှော်လင့်ရမယ် စတဲ့ သင်ကြားမှုတွေ၊ ကျင့်ဆောင်မှုတွေ၊ လိုက်နာရမယ့် “အဆင့်” တွေ စသဖြင့် များစွာရှိသလို အဲလိုမျိုး ဘုရားဆီကနေ မိမိလိုချင်တာရဖို့ ဖြစ်နိုင်မယ်ထင်တဲ့ နည်းလမ်းတွေကို ပုံသေနည်းလို ပြုစုပြီး သင်ပေးနေကြတာတွေ အများကြီးရှိပါတယ်။
“ကောင်းကြီးခံရဖို့ နည်းလမ်း (၅) သွယ်” ၊ “အကြွေးကနေ ဘုရားကယ်ဖို့အတွက် ဆုတောင်းရမည့်နည်းလမ်း” ၊ “အောင်မြင်မှု တောင်ထိပ်ပေါ်ရောက်ဖို့ သမ္မာတရားနည်းလမ်းကျ အဆင့် (၃) ဆင့်” ၊ “အောင်မြင်သူထက် အောင်မြင်ဖို့ ဝန်ခံကြွေးကြော်ရမည့် အရာများ” စသဖြင့် များစွာသော သင်ကြားမှုတွေ ရှိပါတယ်။
အဲဒီအရာအားလုံး (သင်ကြားမှု၊ ဟောပြောမှု၊ ဝန်ခံကြွေးကြော်ခြင်း) အားလုံးဟာ အဆုံးသတ်မှာတော့ “မိမိလိုချင်တာ” ကို ရဖို့ အတွက်ဆိုတဲ့ လမ်းမှာ ပဲ ဆုံးပါတယ်။
ဒါပေမဲ့ အသက်တာ (ဘဝ) က မိမိလိုချင်တာကို မပေးတဲ့ အချိန်ရောက်လာတဲ့အခါ နှုတ်ကပတ်တော် သမ္မာတရားအားဖြင့် ဘယ်လိုရှင်သန်ရမလဲ ဆိုတဲ့အပိုင်းကိုတော့ သင်ပေးတဲ့၊ ဟောပြောပေးတဲ့သူမျိုးက အနည်းငယ်သာရှိပါတယ်။
အသက်တာမှာ ဘုရားက မိမိလိုချင်တာကို မပေးတဲ့အချိန်ဟာ ဘုရားကို မိမိရဲ့ ယုံကြည်ခြင်းကို ပေးခွင့်ရမယ့်အကောင်းဆုံး အချိန် (အခွင့်အရေး) ပဲဖြစ်ပါတယ်။ မိမိလိုချင်တဲ့ အလုပ်မရလို့၊ ပျောက်ချင်တဲ့ အနာရောဂါ မပျောက်လို့၊ နေချင်တဲ့နေရာမှာ မနေရလို့၊ တက်ချင်တဲ့ ဘုရားကျောင်း မှာမတက်ရလို့၊ ဘုရားကို စိတ်ပျက်သလိုဖြစ်တာမျိုး၊ သွားနေကြ ဘုရားကျောင်း မရောက်တော့တာမျိုး၊ တွေ့နေကြ မိသဟာရကို မသွားတော့တာမျိုး ဖြစ်တတ်ကြပါတယ်။ ဒီလိုအခြေအနေမျိုးဟာ မိမိရဲ့ယုံကြည်ခြင်းကို နှုတ်ကပတ်တော်အားဖြင့် ပြန်လည်တည်ဆောက်ဖို့ အကောင်းဆုံးပဲဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ “ယုံကြည်ခြင်း” ကို အရာအားလုံးအဆင်ပြေနေချိန်မှာ အထူးတလည်လမ်းညွှန်ပေးဖို့ အတွက် မလိုအပ်ပါဘူး။ (အဲလိုအချိန်မှာ သတိလည်း ထားမိမှာမဟုတ်ပါဘူး)
ဒါပေမဲ့ အရာအားလုံး ဆုံးရှုံးပျက်စီးပြီး အဆင်မပြေဖြစ်တဲ့ အချိန်ကျတဲ့အခါမှာတော့ “ယုံကြည်ခြင်း” ဟာ ကျွန်တော်တို့ကို ကြံ့ကြံ့ခံနိုင်ဖို့ အတွက် မရှိမဖြစ် လိုအပ်လာမှာဖြစ်ပါတယ်။ မိမိရဲ့ အသက်တာက ကျမ်းစာအုပ်ထဲက ဘုရားဖြစ်စေချင်တဲ့ ပုံစံနဲ့ တကယ်မြင်နေရတဲ့ ပုံစံက ဆန့်ကျင်ဘက်ဖြစ်နေတာမျိုး၊ ဘုရားရဲ့ကတိတော်တွေက တစ်မျိုး၊ မိမိ ကြုံတွေ့ဖြတ်သန်းနေရတာတွေက တစ်မျိုး၊ ဘယ်လိုမှ ကျမ်းစာနဲ့ အသက်တာ ချိတ်ဆက်မမိတော့တဲ့ အခါမျိုး၊ အဲလိုအချိန်မျိုးဟာ ဘုရားသခင်ရဲ့ အနှိုင်းမဲ့တဲ့ ကျေးဇူးတော်နဲ့ ယုံကြည်ခြင်းကို သင်ယူနိုင်ဖို့ အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။ ဟာလေလုယာ။
ကျွန်တော်တို့ ကျန်းမာနေတဲ့အချိန်၊ ငွေရေးကြေးရေး အဆင်ပြေနေတဲ့အချိန်၊ လူချစ်လူခင်ပေါများနေတဲ့အချိန်မှာ ဘုရားကို ကျေးဇူးတော်ချီးမွမ်းရတာ လွယ်ပါတယ်။ ဘုရားက အနာရောဂါ ပျောက်ကင်းစေတဲ့အခါ ဘယ်လိုတုန့်ပြန်ရမလဲဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ဘုရားက အလုပ်အသစ်၊ အိမ်အသစ်၊ ကားအသစ် ပေးတဲ့အခါ ဘယ်လိုအော်ဟစ်ပြီး ချီးမွမ်းရမလဲ သေချာသိပါတယ်။ ဘုရားက ဆိုးရွားပြီး ရုန်းထွက်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေ အကြပ်အတည်းကနေ ဖယ်ထုတ်ပေးတဲ့အခါ ဘယ်လို သက်သေခံရမလဲ ကျွန်တော်တို့သိပါတယ်။
ဒါပေမဲ့ တစ်ချိန်ချိန်တော့ ညလုံးပေါက်ဆုတောင်းပေမဲ့၊ ဘုရားက မသိလိုနေပြီး အနာရောဂါကို အခွင့်ပေးထားတဲ့ အခါ ကျွန်တော်တို့ ဘယ်လိုတုန့်ပြန်မလဲ။ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ကြားမှာ အလုပ်အဆင်မပြေမှုတွေ၊ ငွေကြေးအခက်အခဲတွေ ပြေလည် အောင် ဆုတောင်းပေမဲ့ ဘာမှ ထူးမလာဘူး၊ ကူညီမယ့်သူလည်းမရှိဘူး၊ ဘဝဟာ မှောင်မည်းနေတဲ့ လှိုင်ခေါင်းထဲကို ဖြတ်သွားနေရသလို မျှော်လင့်ချက်အလင်းရောင်ကို မမြင်ရတဲ့အခါမျိုးမှာ ဘယ်လို့ တုန့်ပြန်မလဲ။ “မုန်တိုင်းပြီးရင်တော့ လေပြေလာမှာပါ” ဆိုတဲ့ စကားဟာ မိမိအတွက် မဟုတ်တော့တဲ့အခါမျိုး၊ မိမိတစ်ယောက်တည်းအပေါ် မှာပဲ မိုးက ကွက်ပြီးရွာနေတဲ့အချိန်မျိုးမှာ ဘယ်လိုတုန့်ပြန်မလဲ။ အို … သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ အဲဒီခက်ခဲတဲ့ သင်ခန်းစာကို ဘုရားသခင့်ကျေးဇူးတော်အားဖြင့် သင်ပေးတော်မူပါ။ ဒါတွေအားလုံးဟာ ခက်ခဲတဲ့သင်ခန်းစာ ၊ ဖြေရခက်တဲ့ ပုစ္ဆာတွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ “ခက်ခဲတဲ့ ပုစ္ဆာတိုင်းဟာ အမှတ်များများရပါတယ်။ ဘုရားဘုန်းတော်ပို၍ထင်ရှားပါတယ်။ ဟာလေလုယာ။
တမန်တော်ကြီးရှင်ပေါလု ပြောခဲ့တာတော့ (၂ ကော ၁၂ : ၇)
“ငါခံရသော ဗျာဒိတ်တော် အလွန်ထူးမြတ်၍ ငါသည် ထောင်လွှားသောစိတ်မရှိစေခြင်းငှာ ငါ့ကိုဒဏ်ခတ်သော စာတန်၏ တမန် တည်းဟူသော ငါ့ကိုယ်၌ စူးသောဆူးကိုပေးတော်မူ၏”
တမန်တော်ကြီးရှင်ပေါလုရဲ့ “ထူးမြတ်တဲ့ ဗျာဒိတ်တော်ခံရတဲ့အပိုင်း” ဟာ သူအသက်တာ (ဘုရားအသုံးပြုသော) ရဲ့ အားကြီးတဲ့အပိုင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ အားကြီးတဲ့အပိုင်းကြောင့်ပဲ ဖြစ်လာနိုင်တဲ့ “ထောင်လွှားခြင်း” ကို ပြန်လည် ဟန်ချက်ညီစေဖို့ ဘုရားက တစ်ဖက်မှာ ဝါကြွားတတ်တဲ့ “အသွေးအသားထဲကို နာကျင်စေတဲ့ “ဆူး” ထည့်ပေးထားပါတယ်” (Thorn in the Flesh). ထောင်လွှားသောစိတ် မရှိစေဖို့ တမန်တော်ကြီးရှင်ပေါလုရဲ့ ကျေနပ်အားရစရာတွေပြည့်နေတဲ့ အပိုင်းကို ဘုရားက ခံစားနာကျင်စရာတွေ ပေးနေတဲ့ အရာနဲ့ ဟန်ချက်ညီနေစေပါတယ်။ ကျွန်တော်ဟာ လူတွေကြားမှာ အရမ်းကိုသဘောကောင်း၊ ဖော်ရွေ၊ ကူညီပေးကမ်းတတ်ပြီး၊ ဘာသာတရားကိုင်းရှိုင်းတဲ့ သူတစ်ယောက်အဖြစ် လူတွေသိမှတ်ခံရတဲ့ အပိုင်း (တနည်း) ကျွန်တော်ရဲ့ (Public Figure) ကျေနပ်အားရစရာကောင်းတဲ့အပိုင်း အပေါ်မှာ ထောင်လွှားခြင်း မရှိရလေအောင် ဘုရားက ကျွန်တော်နဲ့ ကိုယ်တော်နဲ့ (၂) ဦးတည်းသိတဲ့ (ဘုရားကိုယ်တိုင် ပဲ ခွင့်လွှတ်ပေးနိုင်တဲ့) ကိုယ်ပိုင်ကျရှုံး နာကျင်ခံစားမှုတွေ (Private Failure အပိုင်း) နဲ့ ပြန်ပြီး ဟန်ချက်ညီစေပါတယ်။
ကျွန်တော့်ရဲ့ “စိတ်ကူးအကြံအစည်” တွေကို ကျွန်တော့်ရဲ့ “လက်ရှိဖြစ်တည်မှု” အားဖြင့် ဟန်ချက်ညီစေပါတယ်။ ကျွန်တော့်ရဲ့ “အားသာချက်” တွေကို “အားနည်းချက်” တွေနဲ့ သော်လည်းကောင်း၊ ကျွန်တော့်ရဲ့ “ဝမ်းမြောက်ပျော်ရွှင်မှု” တွေကို “ဝမ်းနည်းခြင်း” တွေနဲ့ သော်လည်းကောင်း၊ ကျွန်တော့်ရဲ့ “အောင်မြင်မှု” တွေကို “အလိုမကျမှု” တွေနဲ့သော်လည်း ကောင်း ဘုရားရှင်ဟာ ဟန်ချက်ညီနေစေပါတယ်။ တစ်ခုတည်းသော ရည်ရွယ်ချက်ကြောင့်ပဲဖြစ်ပါတယ်။ “အသွေးအသားရဲ့ ထောင်လွှားခြင်းမရှိစေဖို့အတွက်ပဲဖြစ်ပါတယ်” ။ အဲဒီဆူးဟာ လူတိုင်းမှာရှိပါတယ်။ ဘယ်သူမှ မလွတ်ပါဘူး။ ငွေကြေးဆင်းရဲတဲ့သူတွေ၊ ရာထူးစည်းစိမ် မရှိတဲ့သူတွေ အတွက် အဲလို မရှိခြင်းဟာ သူတို့အတွက် အားနည်းချက်အပိုင်းဖြစ်သလို ငွေကြေးချမ်းသာကြွယ်ဝတဲ့သူတွေ၊ ရာထူးစည်းစိမ် ရှိတဲ့သူတွေ မရနိုင်တဲ့ ပျော်ရွှင်ပြီး သောကကင်းတဲ့ ဘဝကိုလည်း ထိုသူတွေဆီမှာ သင်တွေ့နိုင်မယ်ဆိုရင် မအံ့သြပါနဲ့၊ လူတိုင်းရဲ့ ဘဝဟာ ဟန်ချက်ညီနေပါတယ်။ အောင်မြင်တယ်ဆိုတဲ့သူတိုင်းဟာ သူတို့ အသက်တာရဲ့တစ်ဖက်အခြမ်းမှာ တိတ်ဆိတ်စွာ ကျရှုံးနေရပါတယ်။ သူတို့ကတော့ သင့်ကို ပြောပြမှာ မဟုတ်ပါဘူး။
အဲလိုမျိုး နာကျင်ခံစားရခြင်း ဆူးဟာ ရန်သူဆီကလာတာမဟုတ်ပါဘူး၊ အသွေးအသား သက်သာမှုအလိုကို ဆန့်ကျင်စေတဲ့ အရာတစ်ခုကို ဘုရားက အခွင့်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ “ငါ့ကိုဒဏ်ခတ်သော” ဆိုတဲ့ စကားလုံး မူရင်း ဂရိစကားဟာ “ပြင်းထန်စွာထိုးနှက်ခြင်း” (make strong punch) လို့အဓိပ္ပာယ်ရပါတယ်။ “အသွေးအသားကို ပြင်းထန်စွာထိုးနှက်ခြင်း” အတွက်ဖြစ်ပါတယ်။ ကျွန်တော်တို့ ရရှိထားတဲ့ အောင်မြင်မှု အပေါ်မှာ ယစ်မူးမသွားခင် ကျွန်တော်တို့ရဲ့အသွေးအသားဟာ ပြင်းထန်စွာထိုးနှက်ခြင်း (ဆူးစူးခံရခြင်း) ခံရဖို့ အရေးတကြီးလိုအပ်ပါတယ်။ အဲဒီ ထိုးနှက်ခြင်းဟာ ကျွန်တော်တို့ဘဝရဲ့ သေးငယ်တဲ့အပိုင်းလေးတွေမှာ ဖြစ်ချင်ဖြစ်မယ်၊ လူသိပ်မသိတဲ့အပိုင်းတွေ၊ သတိမထားမိတဲ့ အပိုင်းတွေမှာ ဖြစ်ကောင်းဖြစ်လိမ့်မယ်။
ကျွန်တော်တို့ ဟာ တကယ်ပဲ ဘဝရဲ့အစိတ်အပိုင်းတစ်ခုမှာ ကောင်းကြီးခံရပြီ၊ မျက်နှာသာရပြီ၊ ဆိုရင်တော့ သေချာပါတယ်၊ နောက်အစိတ်အပိုင်းတစ်ခု မှာ ကျွန်တော်တို့ရဲ့ အသွေးအသားဟာ ပြင်းပြင်းထန်ထန် ထိုးနှက်ခြင်းခံရပြီဖြစ်တယ်ဆိုတာ သိလိုက်ပါ။ အဲဒီထိုးနှက်ချက်တွေဟာ သိပ်နာကျင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို အဲဒီအရာက ညသန်းခေါင်အချိန်မှာ သခင့်ကို အော်ခေါ် တတ်စေပါတယ်၊ ဆုတောင်းစေပါတယ်။ ကျွန်တော်တို့ကို တဖြည်းဖြည်း သခင့်ခြေတော်ရင်းမှာ ဦးညွှတ်စေပါတယ်။ ကျွန်တော်တို့ ရယူပြီးမြောက်နိုင်ခဲ့သမျှအရာအားလုံးကို အဲဒီ “ဆူး” ဟာ ပြန်လည်ဆွဲချပြီး “တစ်ဖက်ခြမ်းမှာ ရှိတဲ့ နှိမ့်ချခြင်း” ဆီကို ပို့ဆောင်ပေးတတ်ပါတယ်။ ကျွန်တော်တို့ နားလည်ရမှာက ဘဝဟာ သူ့ဟာနဲ့သူ ဟန်ချက်ညီပြီး၊ နာကျင်ခြင်းဝေဒနာနဲ့ ကင်းလွတ်တဲ့သူ တစ်ဦးတစ်ယောက်မျှ မရှိဘူးဆိုတာပါပဲ။ ဘယ်သူမှ အရာအားလုံးကို မရနိုင်ပါဘူး။ ထာဝရဘုရားဟာ မျက်နှာသာပေးတတ်သော ဘုရားဖြစ်တော်မူသလို တရားမျှတတဲ့ ဘုရားလည်းဖြစ်ပါတယ်။ သင်ဟာ ဘုရားကြီးစွာအသုံးပြုတဲ့ တရားဟောဆရာတစ်ယောက်ဖြစ်ကောင်းဖြစ်လိမ့်မယ်၊ ဟီဘရူး ၊ ဂရိ လိုလည်း မျိုးစုံအောင် သိတတ်နားလည်ကောင်းနားလည်လိမ့်မယ်။ ဒါပေမဲ့ သင်ဟာ သင့်ရဲ့ ငါးနှစ်အရွယ် ကလေးကို ဘယ်လိုသွန်သင်ရမလဲ၊ ဘယ်လို စကားပြောရမလဲ သင်သိချင်မှ သိပါလိမ့်မယ်။ သင့် ဘဝမှာ သင်ပိုင်ပိုင်နိုင်နိုင် မဆုပ်ကိုင်နိုင်တဲ့ အရာတစ်ခုဟာ အမြဲတမ်းရှိနေပါလိမ့်မယ်၊ အဲဒီအရာကပဲ သင့်ကို နှိမ့်ချတဲ့စိတ်သဘောဆီသို့ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ အဲဒီအပိုင်းမှာ သင်ဟာ ထိုးနှက်ခြင်းကို ခံရမှာပါ။ သင်ဟာ အဲဒီအပိုင်းမှာ နှိမ့်ချခြင်းကို သင်ယူရမှာဖြစ်ပါတယ်။
တမန်တော်ကြီး ရှင်ပေါလုဟာ “ဆူး” ဆိုတဲ့အရာကို ဖယ်ရှားပေးဖို့ “သုံးကြိမ်တိုင်တိုင်” ဆုတောင်းခဲ့ပါတယ်။ တမန်တော်ကြီးရဲ့ ဆုတောင်းဟာ သူ့အပေါ်ကိုလွှမ်းမိုးနေတဲ့အရာကို ဖယ်ရှားပေးဖို့ ဆုတောင်းတာဖြစ်ပါတယ်။ အဲဒီ ဆုတောင်းဟာ “ကျွန်တော်တို့ကို ဘယ်အရာက လွှမ်းမိုးထားသလဲ” ဆိုတဲ့အရာအပေါ်မှာ ဆုတောင်းနေခြင်းပဲဖြစ်ပါတယ်။ စဉ်းစားကြည့်ကြပါစို့၊ ဘယ်အရာဟာကျွန်တော်တို့ကို လွှမ်းမိုးထားပါသလဲ။ ကျွန်တော်တို့ဘဝကို ခြယ်လှယ်နေပါသလဲ၊ ကျွန်တော်တို့ကို အုပ်မိုးထားပါသလဲ။ ၎င်းကို အပိုင်း – (၂) တွင် ဆက်လက်လေ့လာကြပါမည်။