Skip to content

Package(ပက်ကေ့ချ်) ဟူသည့်စကားလုံးနှင့် ကျွန်တော်တို့ နေ့ဓဒူဝရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပါသည်။ သတင်းအချက်အလက်နှင့်နည်းပညာတိုးတက်နှုန်း အလွန်မြန်ဆန်သောခေတ်တွင် နေထိုင်နေသော ကျွန်တော်တို့ ယုံကြည်သူများသည် အင်တာနက်ပက်ကေ့ချ်များ၊ ဖုန်းခေါ်ဆိုမှုပက်ကေ့ချ်များအား အပတ်စဉ်၊ လစဉ် ငွေကုန်ကြေးကျခံကာ ကျွန်တော်တို့နေ့စဉ်လိုအပ်ချက်အတွက်သော်လည်းကောင်း၊ အပန်းဖြေမှုအတွက်သော်လည်းကောင်း ဝယ်ယူသုံးစွဲနေကြသည်။ Package(ပက်ကေ့ချ်) ဟူသည့် အင်္ဂလိပ်စကားလုံးကို မြန်မာလိုတိုက်ရိုက်ဘာသာပြန်ဆိုပါက အထုပ်” ဟူ၍ အဓိပ္ပါယ်ရပါသည်။ ဆိုလိုသည်မှာ ပစ္စည်းအမျိုးအစုံအလင်ကို တစ်ခုတည်းဖြစ်အောင် သပ်ရပ်စွာထုပ်ပိုးထားသည့် အထုပ်ဖြစ်သည်။ ဥပမာ ကျွန်တော်တို့ ဒေတာပက်ကေ့ချ်တစ်ခုကို ဝယ်ယူလိုက်သည်နှင့် တစ်လအတွင်း သို့မဟုတ် တစ်ပတ်အတွင်း အသုံးပြုနိုင်သော ဖုန်းခေါ်ဆိုမှုပမာဏ၊ အင်တာနက်ဒေတာပမာဏ၊ အပိုဆုကြေးလက်ဆောင်များ(Bonus) စသဖြင့် စုံလင်စွာပါဝင်သည်။ ထိုနည်းတူစွာ Subscribe(စက်ဘ်စခရိုက်ဘ်) ဟူသည့် အင်္ဂလိပ်စကားလုံးနှင့် ကျွန်ုပ်တို့ မစိမ်းလှပေ။ မြန်မာလိုတိုက်ရိုက်ဘာသာပြန်ဆိုပါက အမည်စာရင်းပေးသွင်းသည်” ဟူ၍ အဓိပ္ပါယ်ရပါသည်။ မိမိစိတ်ဝင်စားသောအကြောင်းအရာ၊ အချက်အလက်များကို သိလိုပါက မိမိတို့၏ အီးမေးလ် ခေါ် ဒီဂျီတယ်လ် စာပို့လိပ်စာ (Email address) အားဖြင့် အမည်စာရင်းပေးသွင်း(Subscribe) လိုက်သည်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ မိမိ၏ အီးမေးလ်သို့ မိမိသိလိုသည့် အကြောင်းအရာ၊ သတင်းအချက်အလက်များနှင့် ပတ်သက်၍ ပုံမှန်အခမဲ့ စာများပေးပို့ပေးသည်။

ကျွန်တော်တို့ သခင်ယေရှုခရစ်တော်၏ တမန်တော်ကြီးရှင်ပေါလုက ရောမဩဝါဒစာ ၅ : ၁ – ၅ တွင် သခင်ယေရှုအားယုံကြည်သူတိုင်း အခမဲ့ရရှိနိုင်မည့် Salvation Package (ကယ်တင်ခြင်း ပက်ကေ့ချ်) အကြောင်းကို ဖော်ပြထားပါသည်။ ကျွန်တော်တို့သည် ကယ်တင်ခြင်းဆိုသည့်အရာကို အပြစ်စီရင်ခြင်းမခံရဘဲ ထာဝရငရဲမှလွတ်မြောက်၍ ကောင်းကင်ဘုံသို့ရောက်ခြင်းလောက်သာ စိတ်ဝင်စားကြသည်။ ကျွန်တော်တို့သည် ငရဲမှလွတ်၍ ကောင်းကင်ဘုံသို့ရောက်သော်လည်း မိမိအား ကယ်တင်သောဘုရားသခင်နှင့် မိဿဟာရဖွဲ့ခွင့်မရပါလျှင် အဘယ်ကျေးဇူးရှိမည်နည်း။ ကယ်တင်ခြင်း ခံရခြင်းသည် ဘာအတွက်နည်း။ ချစ်ရပါသော စာဖတ်သူ၊ ကယ်တင်ခြင်းသည် ငရဲမှလွတ်ရုံမျှသာ မဟုတ်ဘဲ ထိုအရာထက် ပိုပါသည်။ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်အား ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်လျှင် Salvation Package (ကယ်တင်ခြင်း ပက်ကေ့ချ်) တစ်ခုလုံးကို တစ်ပါတည်း အခမဲ့ရရှိမည်ဖြစ်ပါသည်။ ထိုအရာများမှာ

၁။ ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်း (Peace with God) ဖြစ်ပါသည်။ Peace ဆိုသည်မှာ ငြိမ်သက်ခြင်း၊ ငြိမ်းချမ်းခြင်း သို့မဟုတ် ငြိမ်းချမ်းရေးဖြစ်ပါသည်။ မြန်မာ့သမိုင်းတွင်လည်းကောင်း၊ ကမ္ဘာ့သမိုင်းတွင်လည်းကောင်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ တပ်ဖွဲ့ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ လူမျိုး တစ်မျိုးနှင့်တစ်မျိုး စစ်မက်ဖြစ်ပွားခြင်းမှ ချုပ်ငြိမ်း၍ ငြိမ်းချမ်းရေးရလျှင် ဤအရာသည် ဝမ်းမြောက်ဖွယ် မင်္ဂလာတစ်ပါးပင်ဖြစ်ပါသည်။ ယနေ့ထိတိုင် မြန်မာနိုင်ငံတွင်လည်းကောင်း၊ ကမ္ဘာအရပ်ရပ်တွင်လည်းကောင်း ငြိမ်းချမ်းရေးရရန် လူတို့သည် မြော်လင့်တောင့်တနေကြသည်။ ကြိုးပမ်းနေကြသည်။ ချစ်သောညီအစ်ကိုမောင်နှမတို့၊ သခင်ယေရှုအား မိမိအသက်တာ၏ ကယ်တင်ပိုင်ရှင်ဘုရားသခင်အဖြစ် လက်ခံယုံကြည်ခြင်းမရှိခင်က ကျွန်တော်တို့သည်လည်း ဘုရားသခင်၏ ရန်သူဖြစ်ခဲ့ကြပါသည်။ ကျွန်တော်တို့သည် နေ့ရက်အစဉ်တိုင်း အပြစ်၌ပျော်မွေ့လျက်၊ နစ်မွန်းလျက် အပြစ်နှင့်ကင်းစင်တော်မူသော သန့်ရှင်းမြင်မြတ်သည့် ထာဝရဘုရားအား ရန်ဘက်ပြုလျက်နေခဲ့ကြသည်။ သို့သော် ကျွန်ုပ်တို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ကျွန်ုပ်တို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ကျွနု်ပ်တို့အား ထင်ရှားစွာပြတော်မူလျက် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကျေးဇူးတော်ကို သခင်ယေရှုခရစ်တော်တစ်ပါးအားဖြင့်သာ အခမဲ့ရရှိပါသည်။ ဟာလေလုယာ။ နောက်ထပ် Salvation Package (ကယ်တင်ခြင်း ပက်ကေ့ချ်) ထဲတွင် ပါဝင်သည့် ဘုရားပေးလက်ဆောင်တစ်ခုမှာ

၂။ ဘုရားသခင်ထံတော်ပါးသို့ တိုးဝင်ချဉ်းကပ်ခွင့် (Access unto God) ပဲဖြစ်ပါသည်။ ဘုရားသခင်ရှေ့တော်၌ ငြိမ်သက်ခြင်းကျေးဇူးကို ခံရစားရပါသော်လည်း ဘုရားသခင်နှင့် ပြန်လည်မိဿဟာရဖွဲ့ခွင့်၊ တိုးဝင်ချဉ်းကပ်ခွင့် မရပါက ကျွနု်ပ်တို့နှင့်ဘုရားသခင်အကြားက ဆက်ဆံရေးသည် နွေးထွေးမှုရှိလိမ့်မည်လော။ ယခုတွင် သခင်ယေရှုအား မိမိအသက်တာ၏ ကယ်တင်ပိုင်ရှင်ဘုရားသခင်အဖြစ် ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ကြားခံမလိုဘဲ အချိန်တိုင်း ဘုရားသခင်ထံတော်ပါးသို့ တိုးဝင်ချဉ်းကပ်ခွင့်ရခြင်းမှာ မည်မျှဝမ်းမြောက်ကြည်နူးဖွယ်ကောင်းလိုက်သနည်း။ ကျွနု်ပ်တို့ အလွန်တွေ့ချင်သော အနုပညာရှင်(celebrity/idol)များကို တိုက်ရိုက်တွေ့ချင်ပါက ငွေမြောက်များစွာပေးရမည်။ နိုင်ငံတော်သမ္မတနှင့် တွေ့လိုပါက အဆင့်ဆင့် စစ်ကြောစစ်ဆေးခြင်းခံရမည်။ သို့သော် ကျွန်ုပ်တို့ ထိုပုဂ္ဂိုလ်များထက်သာ၍ကြီးမြတ်သော ဘုရားသခင်ထံတော်ပါးသို့တိုးဝင်ချဉ်းကပ်လိုပါက ယဇ်ပရောဟိတ်မလိုတော့ပါ။ ကြားခံပုပ်ရဟန်းမင်းကြီး မလိုပါ။ ကြားခံသင်းအုပ်ဆရာ၊ ဖာသာ စသဖြင့် မလိုပါ။ ကျွန်ပ်တို့သည် ကျေးဇူးတော်ကြောင့် သခင်ယေရှုအားဖြင့် ဘုရားသခင်ထံတော်သို့ တိုက်ရိုက် တိုးဝင်ချဉ်းကပ်ခွင့်ရပြီဖြစ်ပါသည်။ ဘုရားသခင်တဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့၏ စပ်ကြားမှာ၊ လူဖြစ်သော ယေရှုခရစ်တည်းဟူသော အာမခံတဦးတည်းရှိ၏” (၁ တိ ၂ : ၅) ။ Salvation Package (ကယ်တင်ခြင်း ပက်ကေ့ချ်) ထဲတွင် ပါဝင်သည့် တတိယမြောက် ဘုရားပေးလက်ဆောင်တစ်ခုမှာ

၃။ ဘုရားသခင်၏ဘုန်းတော်ကို မြော်လင့်၍ ဝါကြွားဝမ်းမြောက်ခြင်း (Rejoice in hope of the God’s glory) ပဲဖြစ်ပါသည်။ ငွေမရှိလျှင် ချွေတာသုံးနိုင်သည်။ စားစရာမရှိလျှင် တစ်ပတ် အဆာခံနိုင်ပါသည်။ ရေမရှိလျှင် တစ်မနက် အဆာခံနိုင်ပါသည်။ မြော်လင့်ချက်မရှိသောသူမှာမူ တစ်စက္ကန့်မျှပင် အသက်မရှင်ချင်တော့ပါ။ မြော်လင့်ချက်မရှိဘဲ အသက်ရှင်နေရသူများသည် အသက်ရှင်လျက်သေနေသောသူများ(Walking Dead) ဖြစ်ပါသည်။ (မှတ်ချက်။ Walking Dead movie ထဲက Zumbieများတော့မဟုတ်ပါ) ယနေ့ခေတ်တွင် လူငယ်များစွာ စိတ်ကျရောဂါခံစားရလျက် မြော်လင့်ချက်မဲ့ကာ မိမိကိုယ်ကို အဆုံးစီရင်လာကြသူ အရင်ကထက် ပိုများလာသည်ကို ကြားနေ၊ တွေ့နေရပါသည်။ ချစ်သောညီအစ်ကိုမောင်နှမတို့၊ သခင်ယေရှုအား မိမိအသက်တာ၏ ကယ်တင်ပိုင်ရှင်ဘုရားသခင်အဖြစ် လက်ခံယုံကြည်သူများမှာမူ မြော်လင့်ချက်မဲ့နေသူများ မဟုတ်ပါ။ ထို့အပြင် ဘုရားသခင်သည် သူ၏ဂုဏ်အင်လက္ခဏာများထဲမှ လုံးဝအပွန်းပဲ့မခံသည့်အရာမှာ ကိုယ်တော်၏ ဘုန်းတော် ပင်ဖြစ်ပါသည်။ ခရစ်တော်ကိုယုံကြည်သူများသည် ထိုဘုရားသခင်၏ဘုန်းတော်ကို မြော်လင့်၍ ဝါကြွားဝမ်းမြောက်ရသောသူများဖြစ်ခွင့်ရကြသည်မှာ အဘယ်မျှလောက် ကျေးဇူးတော်ချီးမွမ်းဖွယ်ကောင်းလိုက်သနည်း။ သမ္မာကျမ်းစာတွင် သခင်ယေရှုအား ဘုရားသခင်၏ဘုန်းတော်အဖြစ် ဖော်ပြထားသည်ကို အံ့ဩဖွယ်တွေ့ရပါသည်(ယောဟန် ၁ : ၁၄၊ ၁၄ : )။ ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏ဘုန်းတော်တို့ကို လူပုဂ္ဂိုလ် အနေဖြင့် ဖော်ပြထားခြင်းအား ခရစ်ယာန်ဘာသာတစ်ခုတည်း၌သာ တွေ့ရပြီး ထိုပုဂ္ဂိုလ်တော်မှာလည်း သခင်ယေရှုခရစ်တော် သာဖြစ်ပါတော့သည်။ ယခုတွင်လည်း ဘုရားသခင်၏ဘုန်းတော်ဖြစ်တော်မူသော သခင်ယေရှုခရစ်တော် ဒုတိယအကြိမ် တဖန်ပြန်ကြွလာခြင်းကို မြော်လင့်၍ ဝါကြွားဝမ်းမြောက်နေကြသည် မဟုတ်ပါလား။ Salvation Package (ကယ်တင်ခြင်း ပက်ကေ့ချ်) ထဲတွင် ပါဝင်သည့် နောက်ထပ် ဘုရားပေးလက်ဆောင်တစ်ခုမှာ

၄။ သက်သေထင်ရှားခြင်းအသက်တာ (A life of testimony) ဖြစ်ပါသည်ကျွန်တော်တို့ အသက်တာတွင် ဆူးဟုထင်ရသော ဘုရားသခင်၏ကျေးဇူးတော်များလည်းရှိနေတတ်ပါသည်။ ရောမဩဝါဒစာ ၅ : ၄ တွင် ထိုမျှမက၊ ဒုက္ခဆင်းရဲခြင်းကိုခံ၍ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။ အကြောင်းမူကား၊ ဒုက္ခဆင်းရဲခြင်းသည် သည်းခံခြင်းကို ပြုစုတတ်၏။ သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကို ပြုစုတတ်၏။” ဟူ၍ပါရှိပါသည်။ ကျွန်တော်တို့ ဘဝအသက်တာတွင် နာကျင်မှုဝေဒနာများ၊ ဝမ်းနည်းကြေကွဲဖွယ်ရာများနှင့် ပူဆွေးစရာများ တွေ့ကြုံခံစားရသောအခါ ခံစားရသည့်အခိုက်တွင် အဘယ့်ကြောင့် ကျွန်တော်ကျမှ၊ ကျွန်မကျမှ လာ၍ဖြစ်ရသနည်း စသဖြင့် ဘုရားသခင်အား မေးခွန်းထုတ်တတ်ကြသော်လည်း ထိုသို့ခံစားခဲ့ရခြင်းသည်ပင် နောင်တစ်ချိန်တွင် ဘုရားသခင်၏သက်သေကို ထင်ရှားစေခြင်းအကြောင်း၊ သက်သေခံစရာအကြောင်းဖြစ်နေတတ်သည်ကို အံ့ဩဖွယ်ကြုံတွေ့ဖူးကြပါသည်။ ခရစ်တော်ကို ကယ်တင်ပိုင်ရှင်ဘုရားသခင်အဖြစ် ယုံကြည်လက်ခံပြီးသည့်နောက် ဘဝအသက်တာတွင် မည်သည့် ဒုက္ခမျှမခံစားရတော့ပါ ဟု သမ္မာကျမ်းစာက လုံးဝမသွန်သင်ထားပါ။ ထိုမျှမက၊ ဒုက္ခဆင်းရဲခြင်းကိုခံ၍ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။ … ဟူ၍သာဖြစ်ပါသည်။ ခရစ်ယာန်တစ်ယောက်သည် ဘဝအသက်တာတွင် ဒုက္ခဆင်းရဲများ လုံးဝမခံစားရတော့သောသူများမဟုတ်ဘဲ ဒုက္ခခံစားရစဉ်ပင် ဝါကြွားဝမ်းမြောက်နိုင်ပြီး ဘုရားသခင်၏ သက်သေကို ထင်ရှားစေသောသူများဖြစ်ခွင့်ကျေးဇူးကို ခံစားကြရသူများဖြစ်ပါသည်။

၅။နောက်ဆုံးပိတ် အိတ်နဲ့လွယ်” ဟူသည့်အတိုင်း Salvation Package တွင်ပါဝင်သော နောက်ဆုံးနှင့် အကောင်းဆုံးသောလက်ဆောင်မှာ ကျွနု်ပ်တို့အား သမ္မာတရားကို အကြွင်းမဲ့သွန်သင်ပေးမည့် သန့်ရှင်းသော ဝိညာဉ်တော်ဘုရား (Holy Spirit) ပင် ဖြစ်ပါသည်။ “… ငါတို့အား ပေးတော်မူသောသန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်၏မေတ္တာတော်ကို ငါတို့ စိတ်နှလုံးထဲသို့ ညွှန်းလောင်းတော်မူ၏။ (ရောမဩဝါဒစာ ၅ : ) ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။ ငါ့ကို မယုံကြည်ကြသောကြောင့် ဒုစရိုက်အပြစ်ကို ဘော်ပြမည်။ ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ်၍၊ သင်တို့သည် နောက်တဖန် ငါ့ကိုမတွေ့မမြင်ရသောကြောင့်၊ အပြစ်ကင်းခြင်းကို ဘော်ပြမည်။ … သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။ ထိုသူသည် ငါ့ဘုန်းကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဘော်ပြလိမ့်မည်။ ခမည်းတော်နှင့်စပ်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင်၏။ ထိုကြောင့် ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အားဘော်ပြလိမ့်မည်” (သခင်ယေရှုခရစ်တော်၊ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၆ : ၁၀၊ ၁၃ – ၁၈)

နိဂုံး

ထို့ကြောင့် သခင်ယေရှုခရစ်တော်ကို မိမိ၏ အသက်တာ၏ကယ်တင်ပိုင်ရှင် ဘုရားသခင်အဖြစ် ယုံကြည်လက်ခံသည့်သူတိုင်း အခမဲ့ ရရှိသည့် ကယ်တင်ခြင်း ပက်ကေ့ချ်(Salvation Package) ကို လူတိုင်းခံစားရရှိပါစေကြောင်း သခင်ယေရှုနာမတော်မြတ်၌ ဆုတောင်းမေတ္တာ ပို့သပါသည်။ အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံရ၏။” (ရောမဩဝါဒစာ ၁၀ : ၉ – ၁၁)

Subscribe and get the package for FREE !