ဆာလံကျမ်း ၂၂ : ၁ – ၂
" အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကို မကယ်တင်ဘဲ အကျွန်ုပ်အော်ဟစ်သော စကားကို နားမထောင်ဘဲ အဘယ်ကြောင့် အဝေးမှာနေတော်မူသနည်း။ အကျွန်ုပ်ဘုရား၊ နေ့အခါအကျွန်ုပ်အော်ဟစ်သော်လည်း၊ ကိုယ်တော်သည် နားမထောင်ပါ။ ညဉ့်အခါ အော်ဟစ်သော်လည်း သက်သာခြင်းသို့ မရောက်ပါ။ "
ချစ်ခြင်းမေတ္တာတော်ရှင်၊ ကရုဏာရှင်၊ တန်ခိုးကြီးသော ထာဝရဘုရားသခင် အမှန်တကယ်တည်ရှိပါသလား။ ဘုရားသခင် အမှန်တကယ်တည်ရှိပါလျှင် “ အဘယ့်ကြောင့် လူကောင်းများသည် ဒုက္ခဆင်းရဲခြင်းကို ခံစားနေရပါသနည်း ” ၊ “ အဘယ့်ကြောင့် ကျွန်တော်တို့၊ ကျွန်မတို့အား ဤကဲ့သို့သောရောဂါဝေဒနာဆိုးများနှင့် ခံစားစေရသနည်း ” ၊ “ အဘယ့်ကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ရပ်ဆိုးများကြောင့် လူသန်းပေါင်းများစွာ သေဆုံးနေကြရပါသနည်း” ၊ “အဘယ့်ကြောင့် မင်းဆိုးမင်းညစ်များ၏ အုပ်ချုပ်မှုစနစ်ဆိုးအောက်တွင် အပြစ်မဲ့ပြည်သူများ အသက်ပေါင်းများစွာ စတေးခံနေကြရပါသနည်း” ၊ “အဘယ့်ကြောင့် ကမ္ဘာကြီး၌ စစ်မက်များဖြစ်ပွားနေကြပါသနည်း” စသည့် ဆူးများသောမေးခွန်းပေါင်းများစွာကို ကျွန်တော်တို့ဘဝ၌သော်လည်းကောင်း၊ ကျွန်တော်တို့ချစ်မြတ်နိုးသောသူများ၏ ဘဝ၌သော်လည်းကောင်း နာကျင်မှုဝေဒနာများ၊ ဆင်းရဲဒုက္ခများနှင့် ကိုယ်တိုင်နဖူးတွေ့ဒူးတွေ့ ကြုံတွေ့လာရသည့်အခါ ထိုကဲ့သို့သောမေးခွန်းများထုတ်တတ်ကြပါသည်။ အထက်ပါမေးခွန်းများအားလုံးအတွက် ကျွနု်ပ်၌ အဖြေရှိသယောင် ဟန်မဆောင်လိုပါ။ သို့သော် ကျွန်ုပ်သေချာသိသည့်တစ်ချက်မှာ၊ ခက်ခဲပင်ပန်းဆင်းရဲခြင်းနှင့် နာကျင်မှုဝေဒနာခံစားရခြင်းဆိုသည်မှာ လူတိုင်း ဘဝတစ်ကွေ့တွင် မလွဲမသွေကြုံတွေ့ရမည့်အချက်ပင်ဖြစ်သည်။ ထိုနည်းတူစွာ ကျွနု်ပ်တို့၏ နာကျင်မှုဝေဒနာနှင့် စပ်ဆိုင်သောမေးခွန်းများမေးသည့်အခါတိုင်း ကိုယ်ကျင့်တရားဆိုင်ရာရှုထောင့်မှ မေးလေ့ရှိကြပြီး ထိုနာကျင်မှုဝေဒနာနှင့်ပက်သတ်၍ ဘာသာတရားအသီးသီးက တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အကောင်းဆုံးရှင်းပြနိုင်ရန် ကြိုးစားကြသည်။
သို့သော်လည်း ဒုက္ခဆင်းရဲခံစားရခြင်း၊ နာကျင်မှုဝေဒနာခံစားရခြင်းနှင့်စပ်ဆိုင်သည့် မေးခွန်းများမေးသည့်အခါတိုင်း အဘယ့်ကြောင့် ကိုယ်ကျင့်တရားရှုထောင့်မှသာ ကျွန်ုပ်တို့မေးလေ့ရှိကြသနည်း။ (ကိုယ်ကျင့်တရားရှုထောင့်မေးခွန်းဟုဆိုရာဝယ်၊ အထက်ပါမေးခွန်းများအားလုံးသည် ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို မေးခွန်းထုတ်နေခြင်းကြောင့်ပေတည်း။ ကောင်းမြတ်သော ဘုရားသခင်တည်ရှိပါလျက် အဘယ့်ကြောင့် နာကျင်မှုဝေဒနာ ခံစားနေရပါသနည်း။ ဘုရားသခင် မကောင်းမြတ်ခြင်းကြောင့်လော။ အစွမ်းမထက်ခြင်းကြောင့်လော။ ဘုရားသခင်သည် မကောင်းဆိုးဝါးကြီးဖြစ်နေခြင်းကြောင့်လော သို့မဟုတ် ဘုရားသခင်ဟူသည့် ပုဂ္ဂိုလ်မတည်ရှိခြင်းကြောင့်လော။ အဘယ့်ကြောင့်နည်း။) အဘယ်ကြောင့် ကျွန်ုပ်တို့သည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနာကျင်မှုဝေဒနာ ခံစားရခြင်းနှင့်ပတ်သက်ပြီး ကိုယ်ကျင့်တရားရှုထောင့်မှ ရှင်းပြချက်အား အမြဲတောင်းဆိုနေရပါသနည်း။ ဤကဲ့သို့ နာကျင်မှုဝေဒနာခံစားရခြင်းအား မကောင်းပါဟု မည်သူကဆုံးဖြတ်ပါသနည်း။ စင်စစ် ဘုရားမဲ့ဝါဒီသမားများ(atheist) နှင့် သံသယဝါဒီသမားများ(skeptic) အားလုံးနီးပါးသည်ပင် လောက၌ ဒုက္ခဆင်းရဲခံစားရခြင်းနှင့် နာကျင်မှုဝေဒနာခံစားရခြင်းကို ဘုရားသခင်တည်ရှိခြင်းအားငြင်းပယ်သော သူတို့၏အဓိကအကြောင်းပြချက်များထဲမှ တစ်ခုအနေဖြင့်ပင် ပြောတတ်ကြပါသေးသည်။
ဂျူး–ခရစ်ယာန်(Judeo-Christian) ယုံကြည်မှုတွင် နာကျင်မှုဝေဒနာခံစားရခြင်းသည် မကောင်းမှုတည်ရှိခြင်း(The reality of evil) နှင့်ဆက်စပ်နေပြီး ထိုမကောင်းမှုသည်လည်း ကမ္ဘာဦးလူသား ဇနီးမောင်နှံနှစ်ဦးတို့၏ ရွေးချယ်မှုမှားယွင်းခြင်း၏နောက်ဆက်တွဲအနေဖြင့် အပြစ်တရားကြောင့် တည်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။ နာကျင်မှုဝေဒနာခံစားရခြင်းပြဿနာနှင့် မကောင်းမှုတည်ရှိခြင်းပြဿနာနှစ်ခုတို့သည် ခွဲခြား၍မရလောက်အောင် တစ်ခုနှင့်တစ်ခုဆက်နွယ်ပတ်သက်နေသည်။ ထို့ကြောင့် မကောင်းမှုတည်ရှိခြင်းကို ကျွန်ုပ်တို့လက်ခံသောအခါ ကောင်းမှု (ခေါ်) ကောင်းမြတ်ခြင်းတည်ရှိခြင်းကိုလည်း လက်ခံကြသည်(အမှောင်ရှိလျှင် အလင်းရှိသကဲ့သို့ အမဲရှိလျှင် အဖြူရှိပေသည်) ။ သို့ဖြစ်လျှင် ကောင်းမှု၊ ကောင်းမြတ်ခြင်းကို ကျွန်ုပ်တို့ လက်ခံသောအခါ ကိုယ့်ကျင့်တရားနှင့်စပ်ဆိုင်သော ကျင့်ဝတ်ဆိုင်ရာစံနှုန်းများကို ကျွနု်ပ်တို့လက်ခံကြသည်။ ထို့အပြင် ကျွန်ုပ်တို့ လိုက်နာစောင့်ထိန်းရမည့် လူ့ကျင့်ဝတ်ဆိုင်ရာစံနှုန်းများ(Moral Law)ကို လက်ခံသောအခါတိုင်း ထိုစံနှုန်းကို သတ်မှတ်ပေးသော ပုဂ္ဂိုလ်ထူးတစ်ပါးရှိခြင်း(Moral Lawgiver)ကို လက်ခံကြသည်။
သင်ဤကဲ့သို့ မေးကောင်းမေးနိုင်ပါသည်။ “အဘယ့်ကြောင့် ကိုယ့်ကျင့်တရားနှင့်စပ်ဆိုင်သော ကျင့်ဝတ်ဆိုင်ရာစံနှုန်းများကို ကျွနု်ပ်တို့လက်ခံကြရုံဖြင့် ထိုစံနှုန်းကို သတ်မှတ်ပေးသော ပုဂ္ဂိုလ်ထူးတစ်ပါးရှိရမည်ဟု ယူဆရပါသနည်း”။ Law(စံ) ရှိလျှင် Lawgiver(စံနှုန်းသတ်မှတ်ပေးသူ) ရှိကြောင်းကျွနု်ပ်တို့ မသိစိတ်က အလိုလိုသိကြပါသည်။ အဆိုပါမေးခွန်းအတွက် အကြောင်းပြချက်တစ်ချက်မှာ၊ မကောင်းမှု (evil) နှင့် ပတ်သက်သောမေးခွန်းကို မေးသည့်အခါတိုင်း မေးခွန်းသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အားဖြင့်သော်လည်းကောင်း သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အကြောင်းကြောင့်သော်လည်းကောင်း ထွက်ပေါ်လာရစမြဲသာ။ (မှတ်ချက်။ ။ တိရစ္ဆာန်တို့တွင် လူကျင့်ဝတ်(Moral Law) ကဲ့သို့ တိရစ္ဆာန်ကျင့်ဝတ်ဟူ၍ မရှိပါ။ တစ်ကောင်နှင့်တစ်ကောင် ကိုက်မည်၊ ဖြတ်မည်၊ စားသောက်ကြမည်၊ ဤအရာကိုပင် ကျွန်ုပ်တို့သည် သဘာဝတရားဟုပင် သမုတ်ကြသည်ပါတကား။) ထို့ကြောင့် ထိုကဲ့သို့သော ဘုရားသခင်၏ကောင်းမြတ်ခြင်းအား “အဘယ့်ကြောင့်၊ ဘာကြောင့်” စသဖြင့် သံသယဖြင့်မေးခွန်းထုတ်ခြင်းကို မေးသင့်မေးအပ်သော မေးခွန်းမျိုးဖြစ်သည်ဟု မေးသူက သွယ်ဝိုက်၍ယူဆထားသောကြောင့်ဖြစ်သည်။ သို့သော်လည်း လူသားတို့တွင် မွေးရာပါ လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဖိုးရှိမှသာ ထိုကဲ့သို့သော မေးခွန်းမျိုးသည် မေးအပ်သောမေးခွန်းဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့ မွေးရာပါ လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဖိုးရှိခြင်း၏တစ်ခုတည်းသော အကြောင်းပြချက်မှာ လူသားတို့သည် အန္တိမအဖိုးထိုက်တန်ခြင်းအလုံးစုံဖြစ်တော်မူသောအရှင်၏ ဖန်ဆင်းခြင်းသရဖူဖြစ်ခြင်းဆိုသည့်အချက်ကြောင့်ပင်ဖြစ်သည်။ ထိုအရှင်မှာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော သုံးပါးတစ်ဆူတည်းသော ထာဝရဘုရားသခင်(God) ပေတည်း။
ထို့ကြောင့် ဘုရားသခင် အမှန်တကယ်တည်ရှိပါလျှင် “ အဘယ့်ကြောင့် လူကောင်းများသည် ဒုက္ခဆင်းရဲခြင်းကို ခံစားနေရပါသနည်း ” ၊ “ အဘယ့်ကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ရပ်ဆိုးများကြောင့် လူသန်းပေါင်းများစွာ သေဆုံးနေကြရပါသနည်း” စသည့် ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို သံသယဖြင့်မေးခွန်းထုတ်သော မေးခွန်းများသည် ဘုရားသခင်နှင့် ကိုယ်တော်၏ဖန်ဆင်းခြင်းကို မယုံကြည်သော ဘုရားမဲ့ဝါဒီသမားများ(atheist)၊ သံသယဝါဒီသမားများ(skeptic)၊ သဘာဝတရားအခြေပြုဝါဒီသမားများ(naturalist) နှင့် ဘုရားအများကိုးကွယ်သူများ(pantheist) မေးအပ်သောမေးခွန်းမျိုး မဟုတ်တော့ပေ။ အကြောင်းမှာ ထိုသူတို့၏ ကိုယ်ပိုင်သဘာဝအခြေပြုအယူအဆအရ လူဆိုသည်မှာ မည်သူတစ်ဦးတစ်ယောက်၏ ရည်ရွယ်ချက်ရှိရှိ တန်ဖိုးရှိစွာဖန်ဆင်းခံရခြင်းမျိုးကြောင့်မဟုတ်ဘဲ စကြဝဠာထဲတွင် ရည်ရွယ်ချက်မဲ့ အက်တမ်အမှုန်များ နှစ်သန်းပေါင်းများစွာကြာ ဓာတ်ပြုပြီးနောက် သူ့အလိုလို လူဖြစ်လာခြင်းဖြစ်သည်ဟုလက်ခံထားသူများအဖို့ လူသားဟူသည့် သက်ရှိ၌မည်သည့်တန်ဖိုးမျှမရှိ၊ ဖုန်မှုန့်သက်သက်မျှသာ။ သို့ဖြစ်ပါ၍ မကောင်းမှုတည်ရှိခြင်းနှင့် နာကျင်မှုဝေဒနာခံစားရခြင်းတည်းဟူသော ကိုယ်ကျင့်တရားဆိုင်ရာရှုထောင့်မှမေးခွန်းသည် ထာဝရဘုရားသခင်နှင့် ကိုယ်တော်၏ဖန်ဆင်းခြင်းကို ယုံကြည်သောသူတို့အတွက်သာ မေးသင့်မေးအပ်သောမေးခွန်းမျိုးဖြစ်ပေသည်။
ထို့ပြင် ခရစ်ယာန်တို့၏ သုံးပါးတစ်ဆူထာဝရဘုရားယုံကြည်မှု၌သာ ချစ်ခြင်းမေတ္တာသည် ခမည်းတော်၊ သားတော်ယေရှုခရစ်တော်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ တစ်လုံးတစ်ဝတည်းဖြစ်တည်မှုအတွင်း၌ ရှေးမဆွကပင်တည်ရှိနေခဲ့သည်။ ဆိုလိုသည်မှာ လူ့ဘဝမစတင်မှီကပင် ချစ်ခြင်းမေတ္တာသည် တည်ရှိနှင့်နေခဲ့ပြီးသားဖြစ်ရံုသာမက ထိုချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့အတွက် ပကတိတန်ဖိုး(absolute value) လည်းဖြစ်လာခဲ့သည်။ ထိုကဲ့သို့သော ချစ်ခြင်းမေတ္တာနှင့် အဖိုးအနဂ္ဃထိုက်တန်မှု အပြည့်အဝကို ဘုရားသခင်တစ်ပါးတည်း၌သာ တွေ့နိုင်ပြီး ကျွန်ုပ်တို့ဘဝတွင် တွေ့ကြုံခံစားရသော နာကျင်မှုဝေဒနာများနှင့် ရုန်းကန်နေရမှုများထဲမှ ဘုရားသခင်အား သိရှိခြင်း၊ ချစ်မြတ်နိုးလာခြင်းအားဖြင့် နာကျင်မှုဝေဒနာခံစားရခြင်းနှင့် မကောင်းမှုတည်ရှိခြင်းတို့၏ အန္တိမဆက်နွယ်နေမှု၊ နောက်ဆုံးတွင် ထိုမကောင်းမှုတည်ရှိခြင်းအား အလွန်မေတ္တာကြီးမားပြီး ကောင်းမြတ်သောအရှင်မှ အလုံးစုံဆေးကြောဖျက်ဆီးပေးဦးမည်ဆိုသည်ကိုပါ ကျေးဇူးတော်အားဖြင့် နားလည်သဘောပေါက်လာခဲ့ကြသည်။ အမှန်စင်စစ်၊ ဘုရားသခင်သည် ကျွန်ုပ်တို့အား ”ကောင်းမြတ်ခြင်း” နှင့် “ချစ်ခြင်း” တည်းဟူသော အခြေခံစကားလုံးနှစ်လုံးအား သဘောတရား(concept) အနေနှင့်သော်လည်းကောင်း၊ ဘာသာစကား(language) အနေနှင့်သော်လည်း ပေးထားပြီးဖြစ်ပါသည်။
ကျွနု်ပ် ဖြစ်ရပ်မှန်တစ်ခုနှင့် ပြောပြချင်ပါသည်။ ကျွနု်ပ်နေထိုင်သည့်အိမ်နှင့် သိပ်မဝေးသည့်နေရာတွင် နေထိုင်သော မိန်းမပျိုလေးတစ်ဦးသည် CIPA ဟုခေါ်သည့် မွေးရာပါရှားပါးရောဂါတစ်မျိုးခံစားနေရသည်။ CIPA ဆိုသည်မှာ Congenital Insensitivity to Pain with Anhidrosis ဖြစ်ပြီး ထိုရောဂါခံစားနေရသူသည် ကိုယ်ခန္ဓာနာကျင်မှုဝေဒနာ(physical pain)ကို မသိရှိ၊ မခံစားနိုင်ပါ။ နာကျင်မှုဝေဒနာကို လုံးဝမခံစားရခြင်းအကြောင်းတစ်ခုမှလွဲ၍ အပြင်ပန်းကြည့်လိုက်လျှင် သာမန်ကိုယ်ခန္ဓာဖြစ်ရံုသာမက သာမာန်အတိုင်းလှုပ်ရှားသွားလာနိုင်သည့် ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားသည်ဟု စိတ်ကူးကြည့်ပါ။ ကြားလိုက်ရံုဖြင့် ဤကဲ့သို့ခန္ဓာကိုယ်မျိုးအား ပိုင်ဆိုင်ထားခြင်းသည် ကောင်းချီးမင်္ဂလာတစ်ခုကဲ့သို့ပင် ထင်စရာရှိပါသည်။ သို့သော် ထိုရှားပါးရောဂါခံစားနေရရှာသော မိန်းမပျိုလေးမှာမူ သူမကိုယ်ခန္ဓာတစ်နေရာရာ၌ တစ်စံုတစ်ခုထိခိုက်ဒဏ်ရာရလျှင်ပင် လုံးဝမသိရှိ၊ မခံစားနိုင်သည်မှာ သူမအတွက် ကြီးမားသောပြဿနာတစ်ခုပင်ဖြစ်နေပါသည်။ အဘယ့်ကြောင့်ဆိုသော်၊ သူမအား ဘေးအန္တရာယ်ဖြစ်စေသော သံဆူးများကို မတော်တဆနင်းမိလျှင်သော်လည်းကောင်း၊ မီးဖိုပြားပေါ်တွင် မတော်တဆလက်တင်မိသည့်အခါ သူမမျက်စိနှင့် မကြည့်မိဘဲ အမှတ်တမဲ့ဖြစ်နေပါက လက် အပူလောင်နေသည့်တိုင် ထိုနာကျင်မှုအသိအား လုံးဝမသိရှိ၊ မခံစားရခြင်းသည် အင်မတန်စိတ်မကောင်းစရာ၊ ကြောက်စရာကောင်းလှသောကြောင့်ဖြစ်သည်။ သူမသည် နာကျင်မှုဝေဒနာကို မခံစားရသော်လည်း သူမကိုယ်ခန္ဓာတွင် ဒဏ်ရာအနာတရဖြစ်၍ ဂရုမစိုက်ပါက အသက်အန္တရာယ်ထိခိုက်နိုင်သည်အထိပင် စိုးရိမ်စရာရှိပါသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က သူမ၏မိသားစုအား တွေ့ဆုံမေးမြန်းခြင်းအစီအစဉ်(Intereview) တစ်ခုတွင် သူမ၏ မိခင်မှနောက်ဆုံးအပိတ်စကားပြောခဲ့သော စကားစုအား ကျွန်ုပ် အမှတ်ရနေဆံုးဖြစ်သည်။ “ကျွန်မရဲ့သမီးလေးကို နာကျင်မှုဝေဒနာခံစားနိုင်ရခြင်း အသိကို ပေးပါစေလို့ ကျွန်မ ဘုရားသခင်ဆီမှာ နေ့တိုင်းဆုတောင်းမိပါတယ်ရှင်” ဟူ၍ဖြစ်သည်။
သူမ၏ ထိုစကားစုကို အကြောင်းရင်းမှန်ကို လုံးဝမသိသည့်သူတစ်ယောက်မှကြားမိလျှင် မိမိသမီးဖြစ်သူကိုယ်ခန္ဓာနာကျင်မှုခံစားရတဲ့ အသိ ရပါစေဆိုတော့ “ဟင် … ဘယ်လို မိခင်ပါလိမ့်နော်” ဟု ထင်မိကောင်းထင်မိပါလိမ့်မည်။ အကြောင်းရင်းမှန်ကို သိသူအဖို့ ထိုမိခင်သည်သာ သမီးဖြစ်သူ ခံစားနေရသော ရှားပါးရောဂါ၏ဒုက္ခကို နားလည်နိုင်ဆံုးသူဖြစ်ပြီး သမီးဖြစ်သူအတွက် သူမ၏ဆုတောင်းသံထက် သာ၍ကြီးမြတ်သောဆုတောင်းသံ ဤကမ္ဘာတွင်ရှိနိုင်မည်မဟုတ်ကြောင်း သဘောပေါက်ပေလိမ့်မည်။ ကျွနု်ပ်သင့်ကို ရိုးရှင်းသည့် မေးခွန်းလေးတစ်ခုလောက် မေးပါရစေ။ “ကန့်သတ်ခံ ကျွန်ုပ်တို့လူသားများသည် အဆိုးဖြစ်လျက်ပင် ဘဝတွင်နာကျင်မှုဝေဒနာခံစားရခြင်း၏တန်ဖိုးကို လိုလားသေးလျှင် အကန့်အသတ်မဲ့တော်မူသော ထာဝရဘုရားရှင်က နာကျင်ဝေဒနာကို ကျွနု်ပ်တို့ဘဝတွင် တွေ့ကြုံခံစားရစေခြင်းသည် အခြားသာ၍ကြီးမားသော ဘုရားအကြံအစည်တော်တစ်ခုခုရှိနေခြင်းကြောင့် ဖြစ်နိုင်သည်ဆိုသည့်အချက်ကို လက်ခံရန် ဤမျှလောက်ခက်ခဲနေပါသလား” ။ ကျွန်ုပ်တို့လိုလားသည်မှာ ဘဝအား သက်တောင့်သက်သာလေး ဖြတ်သန်းချင်ရံုမျှသာဖြစ်သည်။ ဘုရားသခင်သည် အဆိုးထဲမှ အကောင်းကိုသော်လည်းကောင်း၊ အမင်္ဂလာမှ မင်္ဂလာသို့ ထုတ်ဖော်နိုင်သည်ကိုသော်လည်းကောင်း၊ ဘဝတွင် ဆင်းရဲဒုက္ခခံစားရစေခြင်း၊ စိတ်ပျက်အားလျော့ခြင်း၊ ဝမ်းနည်းပူဆွေးခြင်းစသည့် နာကျင်မှုဝေဒနာခံစားရစေခြင်းမှသော်လည်းကောင်း သာ၍ကောင်းမွန်ကြီးမြတ်တော်မူသော ဘုရားအကြံအစည်တော်ရှိနိုင်သည်ကို အထက်တွင် ဖော်ပြခဲ့ပြီးသော ဖြစ်ရပ်မှန်ဥပမာထဲကအတိုင်း အကြောင်းရင်းမှန်ကို လုံးဝမသိသည့်သူတစ်ယောက် ကဲ့သို့ပင် ကျွနု်ပ်တို့ အကုန်အစင်နားလည်နိုင်ရန် စွမ်းနိုင်လိမ့်မည် မဟုတ်ပေ။
နာကျင်မှုဝေဒနာခံစားရခြင်းသည် အာဒံနှင့်ဧဝအပြစ်တို့၏နောက်ဆက်တွဲ ဆိုးကျိုးဖြစ်ပြီး ထိုနာကျင်မှုသည် မကောင်းမှုနှင့် စပ်ဆက်နေသည်။ ကျွနု်ပ်တို့သည် ဘဝတွင် နာကျင်မှုဝေဒနာခံစားရခြင်းအား ရှောင်လွှဲလိုသော်လည်း ထိုဝေဒနာလမ်းကပင် ကျွနု်ပ်တို့၏ ကန့်သတ်ချက်ရှိမှု၊ အားနည်းမှုနှင့် ဘုရားသခင်၏ ရွေးနှုတ်ကယ်တင်ခြင်း ကျေးဇူးတော်အား လိုအပ်နေမှုကို သိမြင်စေပါသည်။ ဟာလေလုယာ။ လွန်ခဲ့သောနှစ်ပေါင်း ၂၇၀၀ ကျော်က၊ ထာဝရဘုရား၏ပရောဖက်ကြီး ဟေရှာယသည် ဤကဲ့သို့ ပရောဖက်ပြုခဲ့ဖူးသည်။ “ထိုသူသည် ငါတို့အနာရောဂါ ဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။ ဒဏ်ခတ်တော်မူခြင်းကို၎င်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူခြင်းကို၎င်း ခံရသောသူဖြစ်သည်ဟု ငါတို့သည် ထင်မှတ် ကြပြီ။ ထိုသူသည် ငါတို့ လွန်ကျူးခြင်းအပြစ်များကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ ရောက်၍၊ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏။ ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့အသီးအသီး လိုက်သွားကြသည်ဖြစ်၍၊ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။” (ဟေရှာယအနာဂတ္တိကျမ်း ၅၃ : ၄ – ၆
နာဇရက်မြို့သား “ယေရှု” အမည်ရှိသော ဘုရားသခင်၏တစ်ပါးတည်းသောသားတော် သခင်ခရစ်တော်သည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က ဤလောကတွင် လူ့ဇာတိခံယူလျက် သင်နှင့် ကျွနု်ပ်တို့ လွန်ကျူးခြင်းအပြစ်များကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလျက် ကားတိုင်ထက်တွင် သက်စွန့်အသေခံတော်မူခဲ့ပြီး ခရစ်တော်လောကသို့ မကြွလာမှီ နှစ်ပေါင်း ၇၀၀ ကျော်အလိုက ဟေရှာယအနာဂတ္တိကျမ်း ၅၃ : ၄ – ၆ ပါ ပရောဖက်ပြုချက်အား တိကျစွာပြည့်စုံစေခဲ့ပါသည်။ သခင်ယေရှုသည် ကားတိုင်ထက်ဝယ် သက်တော်စွန့်ခါနီးတွင် “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း(ရှင်မဿဲခရစ်ဝင်ကျမ်း ၂၇ : ၄၆)” ဟု ကြီးသောအသံနှင့် ကြွေးကြော်ခဲ့ရသည်အထိပင် နာကျင်မှုဝေဒနာကို ခံစားခဲ့ပါသည်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၃ : ၁၆)
ချစ်ရပါသော စာဖတ်သူ …
“ယခုမူကား၊ ကောင်းကင်ဘုံထဲသို့ ကြွဝင်တော်မူသော ယဇ်ပုရောဟိတ်မင်းအကြီးတည်းဟူသော ဘုရားသခင်၏ သားတော်ယေရှုသည် ငါတို့၌ ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူသောကြောင့်၊ ငါတို့သည် ဝန်ခံခဲ့ပြီးသောအရာ၌ တည်ကြည်ကြကုန်အံ့၊ ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသော ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဘူးသောသူဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။” (ဟေဗြဲဩဝါဒစာ ၄ : ၁၄ – ၁၅)
ကျွနု်ပ်တို့ဘဝတွင် နာကျင်မှုဝေဒနာခံစားရခြင်းအား တွေ့ကြုံစေတော်မူသော ချစ်ခြင်းမေတ္တာရှင် ဘုရားသခင်သည် ကျွနု်ပ်တို့ခံရသော ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်ပါ။ ကျွနု်ပ်တို့ခံရသည်နည်းတူ မိမိ၏ တစ်ပါးတည်းသော သားတော်ရင်းကို စွန့်တော်မူခဲ့ဖူးပါသည်။ သင်သည် မိဘတစ်ယောက်ဖြစ်လျှင် ဤခံစားချက်ကို သာ၍နားလည်ပါလိမ့်မည်။ ကျွနု်ပ်တို့ ကိုးကွယ်သော သခင်ယေရှုသည် ကျွနု်ပ်တို့ခံရသည်နည်းတူ နာကျင်မှုဝေဒနာကို ခံစားဖူးပါသည်။ မျက်ရည်ကျဖူးပါသည်(ရှင်ယောဟန် ၁၁ : ၃၅)။ ကျွနု်ပ်တို့ မလွဲမသွေကြုံတွေ့ရမည့် သေခြင်းတရားကိုလည်း ရင်ဆိုင်ဖြတ်သန်းဖူးပါသည်။ သို့သော် ကျွနု်ပ်တို့ သခင်ယေရှုခရစ်သည် သေခြင်းတရားကို အောင်မြင်ပြီး ကျမ်းစာလာသည်အတိုင်း (၃) ရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ခဲ့ပါသည်။ ဟာလေလုယာ။ သခင်ယေရှုဘုရား၏ သက်တော်စဉ်၊ သခင်ဘုရား၏ အသေခံအသွေးသွန်းတော်မူခြင်းနှင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းသည် ကျွနု်ပ်တို့ ယခုဘဝတွင် ခံစားနေရသော နာကျင်မှုဝေဒနာများသည် ခဏတာယာယီသာဖြစ်ကြောင်း ညွှန်ပြပေးနေပြီး သခင်ဘုရား၏ ထာဝရချမ်းသာသည် ကျွနု်ပ်တို့အား စောင့်ကြိုလျက်ရှိကြောင်း သိမြင်စေပါသည်။ “ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်သောအရာ ကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ထိုင်နေတော်မူ၏။” (ဟေဗြဲဩဝါဒစာ ၁၂ : ၂)
နာကျင်မှုဝေဒနာခံစားရခြင်းပြဿနာနှင့် ပတ်သက်ကာ ဉာဏသုံး၍ဖြေရသော အဖြေ(Intellectual answers) များပေးနိုင်ရန် အရေးကြီးပါသည်။ သို့သော် ထိုကဲ့သို့သော အဖြေအမျိုးအစားတစ်ခုတည်းက နာကျင်မှုဝေဒနာခံစားရခြင်း၏ အဓိကအကြောင်းရင်းနှင့် လွတ်ရာလမ်းကို မညွှန်ပြနိုင်ပေ။ အခြားသော ဘာသာတရားများနှင့် အယူအဆအသီးသီးများ၏ ဘဝအမြင်(worldviews) များမှ ဉာဏသုံး၍ဖြေရသော အဖြေ(Intellectual answers) များ ပေးကောင်းပေးနိုင်ပါလိမ့်မည်။ သို့သော် ခရစ်ယာန်ဘာသာတစ်ခုတည်းကသာ ထိုပြဿနာအတွက်အဖြေကို ပုဂ္ဂိုလ် တစ်ဦးအဖြစ် ပေးပါသည်။ ထိုသူမှာ ဘုန်းကြီးတော်မူသောသခင် “ယေရှုခရစ်တော်” ပင်ဖြစ်ပါတော့သည်။ ဤအရာကို နားလည်နိုင်သောပညာကို ပေးတော်မူသော သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ ဟာလေလုယာ … အာမင်။
ကိုးကားထားသော စာပေအရင်းအမြစ်များ
ထာဝရဘုရား၏ သမ္မာကျမ်းစာ (ဆာလံကျမ်း ၂၂ : ၁ – ၂၊ ဟေရှာယအနာဂတ္တိကျမ်း ၅၃ : ၄ – ၆၊ ရှင်မဿဲခရစ်ဝင်ကျမ်း ၂၇ : ၄၆၊ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၃ : ၁၆၊ ဟေဗြဲဩဝါဒစာ ၄ : ၁၄ – ၁၅၊ ဟေဗြဲဩဝါဒစာ ၁၂ : ၂)
ဆရာကြီး Ravi Zacharias ၏ The Logic of God စာအုပ်ရှိ အခန်း(၄) The Pathway of Pain ၊ စာမျက်နှာ ၁၆၊ ၁၇၊ ၁၈ အား ဆီလျော်စွာမြန်မာမှုပြုပါသည်။