Skip to content

ကလာပ်စည်း ဆိုသည်မှာ အဘယ်နည်း။

ကလာပ်စည်း (Cell) ဆိုသည်မှာ၊ သက်ရှိများဖွဲ့စည်းရာတွင် အခြေခံအကျဆုံးအရာ ဖြစ်သည်။ လူ့ခန္ဓာကိုယ်သည် ထရီလီယမ်ပေါင်းများစွာပါသော ကလာပ်စည်း များဖြင့်ဖွဲ့စည်းထားပြီး ထိုကလာပ်စည်းများအားလုံးတွင် သူတို့ကိုယ်ပိုင် အထူးလုပ်ဆောင်ချက်များ အသီးသီးရှိကြသည်။ (စာဖတ်သူများ ပိုမိုစာဖတ်ရလွယ်ကူစေရန် “ကလာပ်စည်း” အား အင်္ဂလိပ်မွေးစားစကားလုံး “ဆဲလ်” အဖြစ် တောက်လျှောက်သံုးနှုန်းသွားပါမည်)

ဆဲလ်များသည် သက်ရှိအားလုံး၏ အခြေခံဖွဲ့စည်းတည်ဆောက်မှု ဖြစ်သည်။ ဆဲလ်များသည် ခန္ဓာကိုယ်အတွက် တည်ဆောက်မှုလုပ်ပေးခြင်း၊ အစားအစာမှ အာဟာရများကိုရယူပြီး အရေးကြီးသောလုပ်ငန်းဆောင်တာများကိုဆောင်ရွက်ပေးသည်။

ဆဲလ်များသည် အတူတကွပေါင်းစည်းပြီး တစ်သျူး(Tissues) များဖြစ်လာသည်။ (တစ်သျူးဆိုသည်မှာ ကိုယ်ခန္ဓာထဲတွင် အထူးလုပ်ဆောင်ချက်များ ဆောင်ရွက်နိုင်သော ဆဲလ်အစုအဝေးဖြစ်သည်) တစ်ဖန်တစ်သျူးများကို ပြန်လည်ပေါင်းစည်းလိုက်လျှင် နှလုံးနှင့် ဦးနှောက်ကဲ့သို့သော ကိုယ်အင်္ဂါများကို ဖြစ်လာစေသည်။

ကျွန်ုပ်တို့၏ဆဲလ်များတွင် အော်ဂင်နယ်လ်ဟုခေါ်သော အလုပ်လုပ်သည့်ဖွဲ့စည်းပုံ အမြောက်အမြားပါဝင်သည်။ (၎င်းအော်ဂင်နယ်များသည် ယူကရိုးတစ် ဆဲလ်(Eukaryotic cells) များတွင်တွေ့ရသော အလုပ်လုပ်နိုင်သည့်ဖွဲ့စည်းပုံတစ်ခုဖြစ်ပြီး ပရိုတင်းများပြုလုပ်ခြင်း၊ ဓာတုပစ္စည်းများထုတ်လုပ်ခြင်း နှင့် ဆဲလ်အတွက်စွမ်းအင်ထုတ်ပေးခြင်း စသည့် လုပ်ငန်းများကို လုပ်ဆောင်ပေးသည်)

နျူကလိယပ်(Nucleus) သည် ဆဲလ်၏ အလယ်ဗဟိုတွင် တည်ရှိပြီး ဆဲလ်ကိုထိန်းချုပ်ထားသောအခန်းတစ်ခန်းဖြစ်သည်။ ဂျီနုန်း(Genome) ဟုခေါ်သည့် သက်ရှိများဖွဲ့စည်းနိုင်ရန်နှင့် ဖွံ့ဖြိုးကြီးထွားနိုင်ရန် လိုအပ်သောသတင်းအချက်အလက်များအားလုံးပါဝင်ပြီးသော မျိုးဗီဇဆိုင်ရာညွှန်ကြားချက်အစုတစ်ခု ကို နျူကလိယပ်အတွင်းတွင် တွေ့ရသည်။

အောက်ပါပုံသည် တိရိစ္ဆာန်တစ်ကောင်၏ ကလာပ်စည်း ဖွဲ့စည်းပုံကို ပုံဖော်ထားသောပုံ ဖြစ်ပါသည်။

Image credit: Genome Research Limited 

cell_diagram_yourgenome

 

ကိုးကားထားသော စာပေအရင်းအမြစ်များ