သခင်၊ ကိုယ်တော်သည် အဘယ်သူနည်း။
“ဘုရားသခင်(God) ဆိုတာကို ဘယ်လိုပုံသဏ္ဍာန်လို့နားလည်ထားပါသလဲ။ ဘုရားသခင်သည် ပုလ္လိင်(ကျား) လား၊ ဣတ္ထိလိင်(မ) လား။ ဘုရားသခင် ဟာ အာကာသ၊ ဒြပ် နဲ့ အချိန်(Space, Matter/Energy , Time) တွေရဲ့အပြင်ဘက်မှာတည်ရှိနေတာလို့ ဖန်ဆင်းရှင်ယုံကြည်သူ(Creationists) အချို့က လက်ခံထားကြတယ်။ စကြဝဠာရဲ့ အပြင်ဘက်မှာ ဘယ်လိုရှိနေတာပါလဲ။” စသဖြင့် ဘုရားသခင်နှင့် ပက်သတ်၍ ထိုကဲ့သို့သော မေးခွန်းများကို ကိုယ့်ကိုယ်ကို မေးဖူးပါသလား။ ဒါမှမဟုတ် တစ်စုံတစ်ယောက်က သင့်ကို မေးတာမျိုး ကြံုဖူးပါသလား။ အမေးခံနေရပါသလား။ ဤဆောင်းပါးတွင် သမ္မာကျမ်းစာ၊ သိပ္ပံပညာဆိုင်ရာအချက်အလက်အချို့ကို အခြေခံ၍ ဒဿနိကဆိုင်ရာနှင့် ယုတ္တိဗေဒဆိုင်ရာများဖြင့် အဆိုပါ မေးခွန်းများအတွက် အဖြေအချို့ကို ဖော်ပြပေးထားပါတယ်။
အာကာသ၊ ဒြပ် နဲ့ အချိန်(Space, Matter/Energy , Time) ဟာ ဘာမှမရှိတဲ့အခြေအနေကနေ ဖြစ်ပေါ်လာခဲ့သည့်အတွက် ထို (၃) ခုသည် ထာဝရတည်ရှိနေသည့်အရာမဟုတ်ဘဲ စတင်ဖြစ်တည်လာခဲ့သည့် “အစအဦး” ရှိခဲ့သည်ဆိုသည့်အချက်နှင့် ပက်သတ်ကာ အကောင်းဆုံးရှင်းပြနိုင်တဲ့ သီအိုရီကတော့ မဟာပေါက်ကွဲမှုသီအိုရီ(Big Bang Theory) ပဲဖြစ်ပါတယ်။ ဒါကြောင့် အာကာသ၊ ဒြပ် နဲ့ အချိန် (၃)ခုတို့၌ “အစ” ရှိခဲ့သည်ဆိုသည့် အချက်ကို ဘုရားမဲ့ဝါဒီများပင် လက်ခံထားကြပါတယ်။ အာကာသ၊ ဒြပ် နဲ့ အချိန် ဟာ ဘာဆိုဘာမှမရှိတဲ့ အခြေအနေကနေ မဟာပေါက်ကွဲမှုအားဖြင့် စတင်ဖြစ်ပေါ် ခဲ့တဲ့အချိန် (အစအဦး) ရှိခဲ့တယ်ဆိုရင် ထို အာကာသ၊ ဒြပ်၊ နေရာ ကို ဖြစ်ပေါ်စေခဲ့တဲ့ မည်သည့် အကြောင်းတရားမဆို ထို အာကာသ၊ ဒြပ် နဲ့ အချိန် (၃) ခုဖြစ်လို့မရပါ။ ယုတ္တိကျကျ စဉ်းစားချင့်ချိန်ကြည့်မယ်ဆိုရင် အာကာသ(Space)၊ ဒြပ်(Matter) နဲ့ အချိန်(Time) ကို ဖြစ်ပေါ်စေတဲ့အကြောင်းတရားက
– နေရာမဲ့ (Spaceless)
– ဒြပ်မဲ့ (Immaterial)
– အချိန်မဲ့ (Timeless)
– တန်ခိုး(စွမ်းအား)ကြီးသော (Powerful)
– ပုဂ္ဂိုလ်ဖြစ်သော (Personal)
– ဉာဏ်ရည်မြင့်မားသော (Supreme Intelligent) အကြောင်းတရားတစ်ခုဖြစ်ရပါလိမ့်မယ်။
“အစအဦး၌ ဘုရားသခင်သည် ကောင်းကင်(Universe)နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။” (ကမ္ဘာဦးကျမ်း ၁ : ၁) လို့ ဆိုထားတဲ့အတွက် သမ္မာကျမ်းစာက ဖော်ပြသော ထာဝရဘုရားသခင်တစ်ပါးတည်း၌သာ စကြဝဠာကို ဖြစ်ပေါ်စေတဲ့ အထက်ပါ အကြောင်းတစ်ရားရဲ့ ဝိသေသလက္ခဏာတွေ အကုန်ရှိတယ်ဆိုတာ တွေ့ရပါတယ်။ “ဘုရားသခင်(God) ဆိုတာကို ဘယ်လိုပုံသဏ္ဍာန်လို့နားလည်ထားပါသလဲ” ဆိုတဲ့ မေးခွန်းအတွက် အဖြေက ဘုရားသခင်သည် နေရာမဲ့၊ ဒြပ်မဲ့၊ အချိန်မဲ့၊ အနန္တဉာဏ်ပညာတော်နဲ့ ပြည့်စုံတဲ့ တန်ခိုးကြီးသော နာမ်ဝိညာဉ်ပုဂ္ဂိုလ်တော်၊ ထာဝရဘုရားဖြစ်ပါတယ်လို့ ပြန်ဖြေပါရစေ။ ဒါ့အပြင် ကောလောသဲဩဝါဒစာ ၁ : ၁၅ မှာတော့ “ခရစ်တော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဍာန်တော်ဖြစ်၏။” လို့ ဖော်ပြထားပါတယ်။
“ဘုရားသခင်က ပုလ္လိင်(ကျား) လား၊ ဣတ္ထိလိင်(မ) လား။” ဆိုတဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင် God သည် နာမ်ဝိညာဉ် (Spirit ) ဖြစ်တဲ့အတွက် (ရုပ်ခန္ဓာ)Physical ပုံစံအနေဖြင့် မဖော်ပြနိုင်ပါ။ ထိုကြောင့် ပုလ္လိင်(ကျား)၊ ဣတ္ထိလိင်(မ) သဘာဝ သည် ဘုရားသခင်နှင့် မသက်ဆိုင်ပါ။ (မှတ်ချက်။ ဘုရားသခင်မှ လူသား တွေကို ဆက်သွယ်သည့်အခါ၊ သူကိုယ်သူ ရည်ညွှန်းပြောဆိုသည့်အခါ၌သာ လိင်သတ်မှတ်တဲ့အနေဖြင့် စကားလုံး ရွေးသုံးပါတယ်။ ဘာလို့ ပုလ္လိင်(ကျား) ကိုရွေးလဲ၊ ဘာလို့ ဣတ္ထိလိင်(မ) ကိုရွေးလဲ ဆိုတာကတော့ ဘုရားသခင်ရဲ့ကိုယ်ပိုင် လွတ်လပ်စွာရွေးချယ်ခြင်းပဲ(The Free Will of God) ဖြစ်ပါတယ်။)
“Space အပြင်ဘက်ဘယ်လိုရှိနေတာပါလဲ” ဆိုတဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင် God ကို မြန်မာလို ထာဝရ ဘုရား (The Eternal God, THE LORD) လို့ သုံးပါတယ်။ အဲဒီ ထာဝရဘုရား(Eternal God) ရဲ့ “ထာဝရ ရှိခြင်း” (Eternal Presence) က အာကာသ၊ ဒြပ် နဲ့ အချိန်(Space, Matter/Energy , Time) တွေရဲ့ အပြင်ဘက်မှာ ရှိတာမဟုတ်ပါဘူး။
အာကာသ၊ ဒြပ် နဲ့ အချိန်(Space, Matter/Energy , Time) တွေကသာ ထာဝရ ဘုရား (Eternal God) ရဲ့ ထာဝရ ရှိခြင်း(Eternal Presence) အထဲမှာ ရှိလာတာ ဖြစ်ပါတယ်။ အဲဒီ ရှိလာတဲ့ အမှတ်(Point) ဟာ ကမ္ဘာဦးကျမ်း ၁ : ၁ ပါပဲ။
ကျွန်ုပ်တို့ စူးစမ်းလေ့လာနိုင်သော စကြဝဠာ (Observable Universe So Far) သို့မဟုတ် အကယ်၍ အပြိုင်စကြဝဠာ(Multiverse)များရှိခဲ့ရင်တောင်မှ အဲ့ဒါတွေအားလုံးဟာ တနည်း ပြောရရင် ဘုရားသခင် ရဲ့ “ထာဝရ ရှိခြင်း” ထဲက “ထာဝရမဟုတ်သော သင်္ခါရ ရှိခြင်း” (Non-eternal presence /existence) တစ်ခုသာ ဖြစ်တယ် လို့ ယူဆပါတယ်။
မင်္ဂလာပါ
ခရစ်ယာန်တို့ ယုံကြည်သက်ဝင်၊ ကိုးကွယ်သော သုံပါးတစ်ဆူထာဝရဘုရားသခင်နှင့် ပက်သတ်၍ ပိုမိုလေ့လာလိုပါက "ဘုရားသခင်" အကြောင်း သီးသန့်ရေးသားထားသော λόγος ၏ ပင်မစာမျက်နှာတွင် ပိုမို လေးနက်စွာဖြင့် ဘုရားသခင်၏ ဂုဏ်တော်များအလိုက် တစ်ချက်ချင်းစီ လေ့လာနိုင်လိမ့်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။