Skip to content

လွတ်မြောက်ခြင်းနှင့် ကျေးဇူးတော် (အပိုင်း – ၂)

ဤဆောင်းပါးသည် “လွတ်မြောက်ခြင်းနှင့် ကျေးဇူးတော် (အပိုင်း-၁)” ရဲ့ အဆက်ဖြစ်ပါတယ်။ အပိုင်း-၁ ကို မဖတ်ရသေးပါက ရှေးဦးစွာ ဝင်ရောက်ဖတ်ကြည့်ဖို့ရန် တိုက်တွန်းလိုပါတယ်။ “ကျေးဇူးတော်” ဆိုတဲ့ အရာဟာ နက်နဲပါတယ်။ ဒင်္ဂါးပြားတစ်ခုရဲ့ မျက်နှာပြင်လိုပါပဲ။ နှစ်ဖက်ရှိပါတယ်။ နှစ်ဖက် ရှိတယ်ပြောလို့ ဘုရားလုပ်ပေးတဲ့ ဘက် နဲ့ လူလုပ်ဆောင်ရမယ့် ဘက် ၂ ဖက်ပြည့်စုံမှ ကျေးဇူးတော်ဖြစ်တယ်လို့ ဆိုလိုတာ လုံးဝ မဟုတ်ပါဘူး။ ၂ ဖက်စလုံး ဘုရားပဲ လုပ်ထားတာပါ။ လူက ၂ ဖက်စလုံးကို ခံယူရပါမယ်။

ပထမတစ်ဖက်က ခရစ်တော်ယေရှုရဲ့ စွန့်လွှတ်ပေးဆပ်ခြင်း (နှိမ့်ချခြင်း၊ ကုသခြင်း၊ နာကျင်ခြင်း၊ အသွေးတော်သွန်းခြင်း၊ အသေခံခြင်း)

နှိမ့်ချခြင်း

စကြဝဠာတစ်ခုလုံးရဲ့ ဖန်ဆင်းရှင် ဘုရားဟာ အမြင့်ဆုံးသော အမြတ်ဆုံးသော နေရာမှ လူလောကထဲက အယုတ်ညံ့ဆုံး နေရာ နွားစာခွက်မှာ လူသားအဖြစ်ခံယူခဲ့တယ်။ နန်းတော်မှာ မဟုတ်ဘူး၊ ဆေးရုံကောင်းကောင်းမှာလည်း မဟုတ်ဘူး၊ တည်းခိုခန်းမှာတောင် မဟုတ်ဘူး နွားစာခွက်မှာ ဖွားမြင်ခြင်းကို ခံယူခဲ့တယ်။ ငါဘုရားပဲ လူလောကကိုလာရင်လည်း အနိမ့်ဆုံးတော့ ဘုရင့်နန်းတော်မှာ ဖွားမြင်ခြင်းကို ခံမယ်ဆိုပြီး မလုပ်ခဲ့ဘူး။

ကုသခြင်း

ကျွန်တော်တို့က ထင်တယ်.. ယေရှုဘုရားက တန်ခိုးရှိတာပဲ ပျောက်စေဆိုတော့လည်း ပျောက်တာပေါ့ သူ့အတွက်ဘာများ ပင်ပန်းလို့လဲပေါ့၊ မဟုတ်ပါဘူး။ ဟေရှာယ ကျမ်းမှာ ရှင်းလင်းစွာပြောထားပါတယ်။ သူ(သခင်ယေရှု) ခံရသောဒဏ်ချက်တော်များအားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏။ အာမင်။ သင့်ကိုယ်က ဒဏ်ရာ ပျောက်ဖို့အတွက် ယေရှု ခန္ဓာကိုယ်မှာ ဒဏ်ရာ ဖြစ်ရတယ်။ သင့်ရဲ့ စိတ်ဒဏ်ရာ ပျောက်ဖို့အတွက် ယေရှုရဲ့ စိတ်နှလုံး ကွဲကြေရတယ်။ သင့်ဦးခေါင်းထဲက အတွေးတွေရဲ့ ဒဏ်ရာ ပျောက်ဖို့အတွက် ယေရှု ဦးခေါင်းတော်က အသွေးက ချွေးနဲ့ အတူ မြေပေါ်ကို ကျခဲ့ရတယ်။ သင့်ဦးခေါင်းထဲက ကျိန်ခြင်းအမင်္ဂလာ တွေကို ရွေးနှုတ်ဖို့အတွက် သင်ဟာ ကောင်းချီးသရဖူကို ဆောင်းနိုင်ဖို့အတွက် ကျိန်ခြင်းကိုပုံဆောင်တဲ့ ဆူးပင်က ဆူးခက်ကို သခင့်ရဲ့ ခေါင်းပေါ်မှာ ဆောင်းခဲ့ရတယ်။ ယေရှုက အဲလို နည်းနဲ့ သင့်ကို ကုသခဲ့တာပါ။ မသိနားမလည်တဲ့ သူတွေပြောသလို ကျေးဇူးတော်ပဲ ဥံဖွ ပျောက်စေဆိုပြီး လုပ်ခဲ့တာမဟုတ်ပါဘူး။ ကျေးဇူးတော်ဆိုတဲ့ အထဲမှာ လုပ်ဆောင်ခြင်းဟာ ရှိကိုရှိတယ်။ အနာခံခြင်းဟာ ရှိကိုရှိတယ်။ အနစ်နာခံခြင်းဟာ ရှိကိုရှိတယ်။ ဒါပေမဲ့ အဲဒါတွေအားလုံးကို ကိုယ်တော်ကပဲ လုပ်သွားတာပါ။ သူဘာလို့လုပ်တာလဲ သင့်ကို သူချစ်လို့ပါ။

နာကျင်ခြင်း

နာကျင်ခြင်းဟာလည်း ကျွန်တော်တို့ အမြင်မှာ ခရစ်တော်ကို ရိုက်နှက်တယ်။ သံနဲ့ ရိုက်တယ် လှံနဲ့ထိုးတယ်။ တိုင်ပေါ်မှာ ဆွဲထားတယ်။ ဒါတွေဟာ ခန္ဓာ ရဲ့ နာကျင်ခြင်းတွေပါ။ ဒါတင်မက ခရစ်တော်ယေရှုရဲ့ စိတ်နှလုံးမှာလည်း နာကျင်ခြင်းရှိပါတယ်။ သူ့လူမျိုးက သူ့ကို စွန့်ပစ်တယ်။ သူ့ရဲ့ မွေးချင်း ညီအစ်ကိုတွေက သူ့ကို အရူးလို့ ပြောတယ်။ နောက်ဆုံးသူ ချစ်တဲ့ သူ့နောက်လိုက်တွေ ကိုယ်တိုင်က သူ့ကို စွန့်ပစ်ပြီး ထွက်ပြေးတယ်။ တိုင်တော်ပေါ်မှာ သူ့ခမည်းတော် ဘုရားကိုယ်တော်တိုင်က အပြစ်ဇာတိလုံးလုံးဖြစ်သွားတဲ့ သူ့ကို စွန့်ပစ် ကျောခိုင်းခဲ့လို့ အမြဲတမ်း ခမည်းတော်ဘုရားသခင့်ကို အကျွန်ုပ်အဖ လို့ ခေါ်တတ်တဲ့ သူက “အကျွနု်ပ် ဘုရား” လို့ ပြောင်းပြီး ခေါ်ခဲ့ရတယ်။ အချိန်တိုင်း စက္ကန့်မလပ် ခမည်းတော်နဲ့ တစ်လုံးတစ်ဝတည်း ရှိနေတဲ့ သားတော်က ကားတိုင်မှာ သူ့ အပြစ်ကြောင့် မဟုတ်ဘဲ ကျွန်တော်တို့ အပြစ်ကြောင့် ခမည်းတော်နဲ့ အဆက်ပြတ်သွားခဲ့ရတယ်။ ခမည်းတော်ဘုရားသခင်ရဲ့ မျက်နှာတော်ဟာ ကျွန်တော်တို့ ဘက်ကို လှည့်လာစေဖို့ သခင်ယေရှဟာ ခမည်းတော်ရဲ့ ကျောခိုင်းခြင်းကို ခံယူခဲ့ရတယ်။ သူဘယ်လောက်နာကျင်ခဲ့မလဲ စဉ်းစားဆင်ခြင်ကြည့်ပါ။ အဲဒိ အချိန်မှာ အမှောင်ထုလွှမ်းခြုံခဲ့ပြီး သူဖန်ဆင်းခဲ့တဲ့ နေမင်းကတောင် သူ့ကို အလင်းပေးဖို့ ငြင်းဆန်ခဲ့တယ်။ ကောင်းကင်နိုင်ငံဟာ သူ့ကို ငြင်းပယ် ပြီး မြေကြီးဟာလည်း လက်မခံခဲ့တဲ့အတွက် သူ (ယေရှုဘုရား) ဟာ ကောင်းကင်နဲ့ မြေကြီးကြားက သစ်ပင် (ကားတိုင်) ပေါ်မှာ ဆွဲထားခြင်းခံခဲ့ရတယ်။ အပြစ်နဲ့ အပြစ်ရဲ့အဖိုးအခဟာ အဲဒိလောက် ဆိုးရွားပြီး ကြီးမားပါတယ်။

အသွေးတော်သွန်းခြင်း

ကမ္ဘာဦးကတည်းက ထာဝရဘုရားဟာ အပြစ်ကိစ္စကို ကိုင်တွယ်ဖြေရှင်းတဲ့ အခါ မှာ အသွေးနဲ့ကင်းပြီး မလုပ်ပါဘူး။ ဘာလို့လဲ ဆိုတော့ အသက်ဟာ အသွေးမှာ ရှိပါတယ်။ အသွေးသွန်းခြင်း မရှိရင် အပြစ်လွှတ်ခြင်း မရှိပါဘူး။ ယေရှုဘုရားရဲ့ အသွေးတော်သွန်းခြင်းဟာ အပြစ်ကြောင့် ကျိန်စာသင့်နေတဲ့ ဒီလောကကို ကျိန်စာမှ ဖယ်ရှားပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အပြစ်ကင်းတဲ့ သခင်ယေရှုရဲ့ အသွေးဟာ ကျိန်ခြင်းရှိသမျှကို ထာဝရ ဖယ်ရှားပေးခဲ့ပါတယ်။ အသက်ဟာ အသွေးထဲမှာ ရှိတာမို့လို့ အသွေးကို ပေးခြင်းဟာ အသက်ပေးခြင်းပဲ ဖြစ်ပါတယ်။

အသေခံခြင်း

ကျွန်တော်တို့လူသားတွေ အနေနဲ့ ခက်ခဲတဲ့အရာဆိုတာဟာ သူ့အတိုင်းအတာနဲ့သူရှိပါတယ်။ မိမိ ပိုင်ဆိုင်တဲ့ အရာဝတ္ထုပစ္စည်းကို စွန့်လွှတ်ဖို့ ခက်ခဲပါတယ်။ ထိုထက်မက မိမိ ကိုယ်အင်္ဂါ အစိတ်အပိုင်းက ပိုခက်ပါတယ်။ နောက်ဆုံး မိမိ အသက်ကတော့ စွန့်လွှတ်ဖို့ အခက်ဆုံးဖြစ်ပါလိမ့်မယ်။ ဒါဟာ လူသားရဲ့ အသက်ဆိုတဲ့ ကန့်သတ်ချက်အနေနဲ့ ပဲ ပြောတာ ဖြစ်ပါတယ်။ သခင်ယေရှုဟာ ဘုရား စင်စစ်ဖြစ်ပါတယ်။ အဲဒိ ဘုရားစင်စစ်က သူ့ရဲ့ အသက်ကို စွန့်လွှတ်ခဲ့တယ် ဆိုတော့ သူ့အနေနဲ့ ဘယ်လောက်စွန့်လွှတ်ခဲ့ရတယ် ဆိုတာ ကျွန်တော်တို့ စဉ်းစားလို့ တောင် မရနိုင်ပါဘူး။

အခု ကျွန်တော်ပြောနေတဲ့ သခင်ယေရှုရဲ့ စွန့်လွှတ်ပေးဆပ်ခြင်း တွေဟာ (ကျေးဇူးတော်ရဲ့ မျက်နှာပြင် တစ်ဖက်က အရာတွေပါ)

ကျေးဇူးတော်ရဲ့ ဒုတိယ မျက်နှာပြင် တစ်ဖက်ကတော့ ကောင်းချီးအသီးအပွင့်ကို ခံယူတဲ့ အပိုင်းပါ။

ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်တယ်။ ခရစ်တော်နဲ့အတူခမည်းတော်ရဲ့ လက်ယာဘက်မှာ နေရာပေးခြင်းခံရတယ်။ ဘုရားသခင်ရဲ့ သားသမီးဖြစ်တယ်။ ၀ိညာဉ်နဲ့ဆိုင်တဲ့ မင်္ဂလာတွေရှိလာပြီး။ စိတ်နှလုံးကောင်းစားသကဲ့သို့ အရာရာ၌ ကောင်းစားခြင်းနဲ့ ကျန်းမာခြင်းရှိဖို့ ဆိုတာ ဘုရားအလိုတော်ဖြစ်တယ်ဆိုတာ သိလာပြီ။ ဘုရားက အပြစ်ကို မှတ်မထားတော့ဘူး။ ခွင့်လွှတ်ခြင်းကို ရပြီ။ အမြီးမဖြစ်စေဘဲ ဦးခေါင်းဖြစ်ရတဲ့ အခွင့်ကို ရပြီ။ ဒါတွေက ကျေးဇူးတော်ရဲ့ ဒုတိယ မျက်နှာပြင် တစ်ခြမ်းဖြစ်တဲ့ ကောင်းချီးမင်္ဂလာ အသီးအပွင့်တွေဖြစ်ပါတယ်။

အခု ကျေးဇူးတော် (ကျေးဇူးတရား) လို့ ပြောလိုက်ပြီဆိုရင် ယုံကြည်သူတွေကြားမှာ အရမ်းကို အကဲဆတ်တဲ့ စကားလုံးမျိုး ဖြစ်နေပါတယ်။

ပညတ်တရားကို မောရှေလက်မှာ ပေးပါတယ်။ ကျေးဇူးတရားနဲ့ သစ္စာတရားက ယေရှုခရစ်အားဖြင့် ဖြစ်တယ်လို့ ကျမ်းစာက ပြောပါတယ်။ ဒီနှုတ်ကပတ်တော်ကို သေချာဆင်ခြင်ကြည့်ပါ။ ဘုရားက ပညတ်တရားကို ပေးပါတယ်။ ဘုရားက ပညတ်တရားကို ပေးဖို့အတွက် လူသားဆီကို သူကိုယ်တိုင် မလာပါဘူး။ လူသားအတွက် အထိန်းတစ်ခု သဘောမျိုးအဖြစ်သာ ထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီအပိုင်းမှာ လူနဲ့ ဘုရားကြားတိုက်ရိုက် ရင်းနှီးတဲ့ ဆက်ဆံရေးလုံးဝ မရှိပါဘူး။ လူက ဘုရားကို ပညတ်ကတရားကြားခံထားရင်းနဲ့သာ ဆက်သွယ်ရသလိုမျိုးဖြစ်ပါတယ်။ ပညတ်တွေကို စောင့်ရှောက်နိုင်ရင် ဘုရားကောင်းချီးရမယ်။ မစောင့်ရှောက် နိုင်တဲ့ အခါ အကျိန်ခံရမယ်။ ဒီလိုပုံစံမျိုးတစ်ခုနဲ့ပဲ လူနဲ့ ဘုရားကြားမှာ ရှိပါတယ်။ အဲဒီတော့ ပညတ်တရားလက်အောက်မှာ ရှိနေတဲ့ လူသားရဲ့ နှလုံးသားအခံဟာ မိမိကို ဘုရားနှစ်သက်ကောင်းချီးပေးဖို့အတွက် မိမိ က ဘုရားနှစ်သက်တဲ့ အရာကို လုပ်ပြီး ဘုရားမနှစ်သက်တဲ့ အရာကို ရှောင်ကြဉ်ရမယ်ဆိုတဲ့ အပေးအယူသဘောမျိုးလွှမ်းမိုးတဲ့ နှလုံးသား အခံဖြစ်ပါတယ်။ (စကားမစပ် သခင်ယေရှုက အဲလိုနှလုံးသား အခံကို စပျစ်ရည်ထည့်တဲ့ သားရေဗူး အဟောင်း) လို့ ပြောခဲ့ပါတယ်။ အဲလို သဘောတရားထဲမှာ အရိုးစွဲနေတဲ့ သူတွေဟာ ပညတ်တော် ၁၀ ပါး မှ မဟုတ် တစ်ခြား တစ်ခြားအရာတွေ မှာလည်းပဲ မိမိနဲ့ ဘုရားကြားမှာ ဘုရားနှစ်သက်တာကို မိမိ လုပ်ဆောင်နိုင်ခြင်း မလုပ်ခြင်း အပေါ်မှာ ကို ပဲ အာရုံစိုက်ပြီး အသက်ရှင်နေကြဆဲပါပဲ။

ကျေးဇူးတရားနဲ့ သစ္စာတရားဟူမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်းလို့ ပြောထားပါတယ်။ (အင်္ဂလိပ်လို မှာ ယေရှုခရစ်အားဖြင့် ရောက်လာတယ်လို့ ) ပြောပါတယ်။ တစ်ချို့ သခင်ယေရှုကို ပညတ်တရားအသစ်တစ်ခု ထပ်ပေးတဲ့ သူ အဖြစ် မြင်ကြပါတယ်။ ကျွန်တော်က တော့ သခင်ယေရှုကို မောရှေ နောက်တစ်ယောက် အဖြစ် မမြင်ပါဘူး။ ဘာလို့လည်း ဆိုတော့ ပညတ်တရားဟာ စီရင်ခြင်းနဲ့ တွဲနေပါတယ်။ သခင်ယေရှုသာ ပညတ်တရားအသစ်တစ်ခု ထပ်ပေးတဲ့ သူသာ ဆိုရင် သင်တို့ အချင်းချင်းချစ်ကြလော့ ထိုပညတ်သစ်ကို ငါပေးသည်။ မချစ်ရင် သင်တို့ကို စီရင်မယ်လို့ ပြောထားမှာပေါ့။ “ခမည်းတော်ရှေ့၌ငါသည် သင်တို့ကို အပြစ်တင်မည်ဟု မထင်ကြနှင့်။ သင်တို့ကို အပြစ်တင်သော သူတပါးရှိသေး၏။ ထိုသူကား သင်တို့ကိုးစားသော မောရှေပေတည်း။” (ရှင်ယောဟန်ခရစ်ဝင် ၅ း ၄၅)
သခင်ယေရှုက အပြစ်စီရင်ဖို့အတွက် လာတာ မဟုတ်ပါဘူး။ အပြစ်စီရင်ခြင်းကို လူသားတွေ ကိုယ်စား ခံပေးဖို့ လာတာဖြစ်တယ်။ ထိုကျမ်းစာမှာ ရေးထားသလိုပါပဲ သခင်ယေရှုက သင့်ကို စီရင်မှာ မဟုတ်ပါဘူး။ မောရှေအားဖြင့် ပေးထားတဲ့ ပညတ်တရားကို သင်က ကိုးစားရင်တော့ သင်ကိုးစားတဲ့ မောရှေ(ပညတ်တရား) ကပဲ သင့်ကို ပြန်စီရင်မှာ ဖြစ်ပါတယ်။

ဒါဆိုရင် မောရှေအားဖြင့် ပညတ်တရားပေးသလို သခင်ယေရှုအားဖြင့် ကျွန်တော်တို့ကို ဘုရားက ဘာပေးသလဲ? ကျွန်တော်တို့ သခင်ယေရှုကို လက်ခံပြီးပေမဲ့ နေ့စဉ်အသက်တာမှာ ပညတ်တော် ၁၀ ပါး မဟုတ်ရင်တောင်မှ ပညတ်တရားသဘောမျိုးလေး လုပ်သင့်တာ မလုပ်တာလေးတွေကို လမ်းညွှန်ပေးမယ့် အရာ မရှိတော့ဘူးလား၊ မလိုအပ်တော့ဘူးလား?

ဒီမေးခွန်းအတွက် အဖြေက ခရစ်တော်ကို ရရှိပြီး ကျေးဇူးတရားအောက်မှာ အသက်ရှင်နေရတဲ့ သူတွေ အတွက် နေ့စဉ်အသက်တာမှာ လုပ်သင့်တာ မလုပ်သင့််တာလေးတွေ ကို လမ်းညွှန်ပေးမယ့် “အရာ” လို့ ပြောရင် မှားပါတယ်။ လမ်းညွှန်ပေးမယ့် “သူ”(ပုဂ္ဂိုလ်) လို့ ပြောရပါမယ်။ ဘာလို့လဲ ဆိုတော့ အဲဒီလမ်းညွှန်ပေးတဲ့ သူဟာ အသက်မရှိတဲ့ ပညတ်တရားသဘောဆန်ဆန် သွန်သင်ချက်တစ်ခု လုံးဝ မဟုတ်ပါဘူး။ အသက်ရှင်သော ထမြောက်ပြီး ခရစ်တော်ဘုရားရဲ့ ၀ိညာဉ် ဖြစ်တဲ့ “သန့်ရှင်းသောဝိညာဥ်တော်” ပဲ ဖြစ်ပါတယ်။

ကျေးဇူးတရား အောက်က ယုံကြည်သူတွေရဲ့ အထဲမှာ ဘုရားထည့်ပေးထားတဲ့ ၀ိညာဉ်တော်က ဘာကို လုပ်သင့်တယ် ဘာကို မလုပ်သင့်ဘူး ဆိုတာကို အချိန်တိုင်း သွေးဆောင်ပြောကြားနေလို့ ဖြစ်ပါတယ်။ ပညတ်တရားက ပြောထားလို့ လုပ်ခြင်း မလုပ်ခြင်း နဲ့ ဘာမှ မဆိုင်ပါဘူး။ ၀ိညာဉ်တော်ရဲ့ သွေးဆောင်တိုက်တွန်းအပေါ်မှာ လမ်းလျှောက်ဟန်လွှဲသလို မျိုး စီးမျှောပြီး ဘုရားနှစ်သက်တဲ့ အသီးအပွင့်တွေကို ၀ိညာဉ်တော်က သီးပေးတာကို ရိုးရိုးလေး အခွင့်ပေးခြင်း ပဲဖြစ်ပါတယ်။ ကိုယ်တိုင် သီးစရာ မလိုပါဘူး အသီးသီးပေးတဲ့ သူကို စိတ်စွဲလန်းပြီး အခွင့်ပေးခြင်းပဲ ဖြစ်ပါတယ်။ “သင်တို့တွင် ကောင်းသော အမှုကို ပြုစ ပြုတော်မူသောသူ သည် ယေရှု ခရစ်၏ နေ့ရက်တိုင်အောင် ပြီးစီးလျက်ပြုတော်မူမည်ဟု ငါ သဘောကျ၏။ ” (ဖိလိပ္ပိဩဝါဒစာ ၁ း ၆) အာမင်။ ကောင်းသောအမှုကိုပြုတဲ့သူက သင် မဟုတ်ပါ။ သန့်ရှင်းသော ၀ိညာဥ်တော်ဘုရားက ပြုတာပါ။ သင့်က သူ့ကို အခွင့်ပေးလိုက်ရုံလေးပါ။

နောက်တစ်ခုက အပြစ်တရားရဲ့ အစွမ်းသတ္တိက ပညတ်တရားမှာ ရှိပါတယ်။ အဲဒီတော့ သင်က ပညတ်တရားအောက်မှာ ရှိနေရင် အပြစ်တရားရဲ့ အုပ်စိုးခြင်းကို ခံရပါလိမ့်မယ်။ သိစိတ်နဲ့ ဖြစ်စေ မသိစိတ်နဲ့ ဖြစ်စေ သင့်စိတ်ထဲမှာ ပညတ်တရားရဲ့ ဆောင်ရန် ရှောင်ရန် ဆိုတဲ့ နှလုံးသား အခံရှိနေရင် အပြစ်တရားကို တွန်းလှန်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ယောသပ် နဲ့ ဒါ၀ိဒ်ကို ယှဉ်ပြီး ပြောပါမယ်။ ယောသပ်က ပညတ်တရား မရှိခင်ကာလမှာ နေခဲ့သူပါ။ ဒါ၀ိဒ်က ပညတ်တရားအောက်မှာ ရှိတဲ့သူပါ။ ဒီနှစ်ယောက်စလုံးဟာ ဘုရားနဲ့ ဆက်ဆံရေး မှာ တကယ့်ကို ကျွမ်းကျင်တဲ့ သူတွေပါ။ ဒါ၀ိဒ်ဆိုရင် ထာဝရဘုရားစိတ်တော်နှင့် တွေ့သောသူလို့တောင် သတ်မှတ်ခံရပါတယ်။ သူတို့ ၂ ယောက်စလုံး မိန်းမ ကိစ္စ နဲ့ အပြစ်သွေးဆောင်ခြင်း ခံရတဲ့ အခါ ယောသပ်က အောင်မြင်ခဲ့ပြီး ဒါ၀ိဒ်က ကျရှုံးခဲ့ပါတယ်။ ယောသပ် ဘာလို့အောင်မြင်ခဲ့လဲ? သူ့မယားကို မပြစ်မှားရဆိုတဲ့ ပညတ်ကို လိုက်လျောက်ရမယ်ဆိုတဲ့အချက်ကြောင့် လား? ယောသပ်ရှိတုန်း က အဲဒီ ပညတ်တရားမရှိသေးပါဘူး။ ဒါဆို ဘာကြောင့် ယောသပ်က သူ့မယားကို မပြစ်မှားဘဲ အပြစ်သွေးဆောင်ခြင်းကို အောင်နိုင်ခဲ့သလဲ? အဖြေက ယောသပ်မှာ သူနဲ့ အတူ အသက်ရှင်နေတဲ့ မမြင်ရပေမဲ့ သူ့အထဲကနေ ဘာလုပ်သင့်တယ် ဘာကို ရှောင့်သင်တယ်လို့ ပြောနေတဲ့ ဘုရားရှင်ကိုယ်တိုင် အတူရှိနေတယ်။ အသက်ရှင်တဲ့ ဘုရားနဲ့ အတူရှိနေတဲ့အခါ အသက်မရှိတဲ့ ပညတ်တရား က အကျိုးမရှိပါဘူး။
ဒါ၀ိဒ်ကတော့ သူ့ရဲ့ သိစိတ်ထဲကရော မသိစိတ်ထဲမှာရော ပညတ်တရားကြောင့် မလုပ်သင့်ဘူးဆိုတဲ့ အချက်ကို သိနေပါတယ် သတိပြုမိနေပါတယ်။ ဒါပေမယ့် အသွေးအသားဟာ ပညတ်တရားနဲ့ ထိန်းချုပ်ခြင်းခံလိုက်ရတဲ့ အခိုက်မှာ (တနည်း) (ရောမဩဝါဒစာ ၅ း ၂၀၊ ၇ း ၉) အပြစ်သွေးဆောင်ခြင်းဘက်ကို ပါသွားစေတယ်။ ယောသပ်ဟာလည်း ပဲ အသွေးအသားနဲ့ လူပါပဲ။ ဒါပေမဲ့ ပညတ်တရားရှိတယ်ဆိုတဲ့ အသိ မရှိဘဲ(ရောမဩဝါဒစာ ၇ း ၉) အသက်ရှင်တဲ့ ဘုရားကိုယ်တော်တိုင်သူနဲ့ အတူရှိနေတယ်ဆိုတာကို သိနေတဲ့ အတွက် အပြစ်တရားဟာ သူ့အပေါ်ကို လွှမ်းမိုးနိုင်ခြင်း မရှိခဲ့ ပါဘူး။(ရောမဩဝါဒစာ ၆ း ၁၄) ဟာလေလုယာ။
ဂလာတိဩဝါဒစာ ၃ း ၁၃ နောက်ဆုံးပိုင်းလေးမှာ “ခရစ်တော်သည် ငါတို့အတွက်ကြောင့် ကျိန်ခြင်းကို ခံရသောသူဖြစ်၍၊ ငါတို့ကို ပညတ်တရား၏ ကျိန်ခြင်းမှ ရွေးနှုတ်တော် မူပြီ။” (နှုတ်ကပတ်တော်က အခု ပြောနေတယ်။ ခရစ်တော်ဟာ သင့်ကို အပြစ်ထဲမှ သာမက ပညတ်တရားရဲ့ ကျိန်ခြင်းထဲကပါ ရွေးနှုတ်ထားပြီးပြီ)

ဒါဆိုရင် သင်ရရှိထားတဲ့ အကျိုးကျေးဇူးက

“သင်တို့သည် ပညတ်တရားလက်၌ မရှိ၊ ကျေးဇူးတရားလက်၌ ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ။” အာမင်။ (ရောမဩဝါဒစာ ၆ း ၁၄၊ ဂလာတိဩဝါဒစာ ၃ း ၁၃)
ဒီအတိုင်း ဝန်ခံပါ။ အပြစ်သွေးဆောင်ခြင်းကို ရင်ဆိုင်နေရတဲ့ အခါတိုင်း ထို နှုတ်ကပတ်တော် ၂ ချက်ကို စိတ်နှလုံးနဲ့ ယုံကြည် နှုတ်ကနေ အသံထွက်ပြီး ဝန်ခံပါ။ ၀ိညာဉ်တော်ဘုရားရဲ့ တန်ခိုး တော်အားဖြင့် အပြစ်ဆိုတဲ့ အရာအပေါ်မှာ အောင်နိုင်ပြီးနေပြီဆိုတာကို တွေ့ရှိလာရပါလိမ့်မယ်။ နောက်ဆုံးအနေနဲ့ ဝေမျှချင်သလို ဝန်ခံချင်တဲ့ အရာကတော့ ကျွန်တော်ကိုယ်တိုင် ကျေးဇူးတော်ဆိုတာကို အပြည့်အဝ နားမလည်သေးပါဘူး။ နှိမ့်ချစွာ ဆက်လက်သင်ယူနေဆဲဖြစ်ပါတယ်။ ဒင်္ဂါးပြား ရဲ့ မျက်နှာပြင် ၂ ဖက်မှာ ကျွန်တော်တို့ဟာ ဒုတိယ မျက်နှာပြင်ဖြစ်တဲ့ “စံစားခြင်း” ဆိုတဲ့ အထဲက ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ အောင်မြင်ခြင်း၊ ကြွယ်ဝခြင်း၊ ထာဝရအဆုံးမဲ့ ခွှင့်လွှတ်ခြင်း၊ ဘုရားရဲ့ တစ်ဖက်သတ်မေတ္တာ စတာတွေကို ယုံကြည်ခြင်း နဲ့ ရယူဖို့ သွန်သင်နေကြတယ်။ ယုံကြည်ခြင်းနဲ့ ဝန်ခံဖို့ စိတ်အားထက်သန်နေကြတယ်။ ဒါတွေအားလုံးဟာ ကောင်းပါတယ်။ ဒါပေမဲ့ သတိပြုစရာတော့ ရှိပါတယ်။ တစ်ချို့က ကျေးဇူးတရားအားဖြင့် ရရှိတဲ့ လွှတ်ခြင်း အခွင့်ကို အပြည့်အဝ စားသုံးပြီး သူများကဲ့ရဲ့စရာ အထိ ဖြစ်သွားကြတယ်။ ကျေးဇူးတရားကို ဦးနှောက်ထဲက ၁ နဲ့ ၂ ပေါင်း ရင် ၃ ရတယ်ဆိုတဲ့ သချင်္ာတွက်သလို သဘောမျိုးနဲ့ လက်ခံပြီး ကျေးဇူးတော်ကြောင့် စီရင်ခြင်း တွေ မရှိတော့ဘူး၊ အပြစ်အားလုံး မရှိတော့ဘူး ဒါကြောင့် အပြစ်လုပ်လည်း ငရဲသွားစရာမလိုတော့ဘူး စတဲ့ အတွေးတွေက စကားလုံးတွေအထိ ထွက်လာတာမျိုးကတော့ သိပ်ကို ကြောက်စရာကောင်းပါတယ်။

ကျွန်တော့်အနေနဲ့ အရိုးသားဆုံး ပြောရရင် အပြစ်လွှတ်ခြင်းကို နားလည်သဘောပေါက်ပြီးနောက် လုပ်ချင်တာလုပ်လို့ရပြီ ဆိုတဲ့ အတွေး လုံးဝ (လုံးဝ) မရှိခဲ့ပါဘူး။ အဲဒီအစား မပြောင်းလဲခင် (အပြစ်လွှတ်ခြင်း)ကို မသိခင်က ထက် ပိုပြီးတော့ ရုန်းကန်ရပါတယ်။ (struggle) ဖြစ်ပါတယ်။ အသွေးအသားရဲ့(အာရုံးငါးပါး) အားနည်းခြင်း နဲ့ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်း ဆိုတဲ့ (၂) ခု အကြားမှာ အလွန်ပဲ ရုန်းကန်နေရပါတယ်။ လက်ရှိအချိန်အထိလည်း ရုန်းကန်နေရဆဲပါ။ ဒါဆိုရင် ကျေးဇူးတော်ဟာ စစ်မှန်တဲ့ ဧဝံဂေလံ တရား လား? ဟုတ်ပါတယ်။ အဲဒီအပေါ်မှာတော့ သံသယမရှိပါနဲ့။ ဧဝံဂေလိတရားထဲက နေ ကျေးဇူးတရားကို ဖယ်လိုက်တာဟာ အားလုံးကိုဖယ်လိုက်တာနဲ့ အတူတူပါပဲ။ တစ်ချို့ က ပြောကြတယ်။ ကျေးဇူးတော်က အရမ်းပေါလောနေတာပဲ တဲ့။ ဒင်္ဂါးပြားရဲ့ ဒုတိယ မျက်နှာပြင် တစ်ဖက်တည်းကို ပဲ ကြည့်ပြီးပြောနေကြတယ်။

အဲဒီတော့ ကျေးဇူးတရား(ကျေးဇူးတော်)လို့ ဆိုလိုက်ရင် ဒင်္ဂါးပြားရဲ့ မျက်နှာပြင် ၂ ဖက်စလုံးကို သေချာ နားလည်နှလုံးသွင်း ဖို့ လိုအပ်ပါတယ်။ ခရစ်တော်ရဲ့ ရွေးနှုတ်ခြင်း အသီးအပွင့်တွေအပေါ်မှာ စံစားတတ်ဖို့ အလိုရှိရင် သူ့ရဲ့ ရွေးနှုတ်ခြင်း အတွက် စိုက်ပျိုးခဲ့တဲ့၊ ပေးဆပ်ခဲ့တဲ့ အသွေးတစ်စက်ချင်းစီအပေါ်မှာလည်း ခံစားတတ်ဖို့ သိပ်ကို လိုအပ်ပါတယ်။ လူတိုင်းဟာ ကောင်းချီးကို ရေတွက်ဖို့ အာသာ ရှိပေမယ့် အဲဒီ ကောင်းချီးရဖို့အတွက် ပေးဆပ်ခဲ့တဲ့ကယ်တင်ရှင်ရဲ့ ကျောပေါ်က ကျာပွတ်ရာတွေကိုလည်း ရေတွက်ဖို့ မမေ့လျော့သင့်ပါဘူး။ တစ်ချို့ဆိုရင်် ကိုယ်တော်ပေးတဲ့ ကောင်းချီးထက် အဲဒီကောင်းချီးရဖို့ သူခံပေးခဲ့တာတွေကိုပို၍ အာရုံစိုက်ဆင်ခြင်တဲ့အခါ သူ့ကို ပိုပြီး ချစ်လာစေပါတယ်။ သခင့်ရဲ့ ပေးဆပ်ခြင်း (နှိမ့်ချခြင်း၊ ကုသခြင်း၊ နာကျင်ခြင်း၊ အသွေးတော်သွန်းခြင်း၊ အသေခံခြင်း) စတာတွေဟာ အတိုင်းမသိများပြားလှတဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း၊ မျက်နှာသာရခြင်း၊ ချစ်ခြင်း၊ ကောင်းချီးမင်္ဂလာ ၊ အလုံးစုံသော ဆုကျေးဇူးတွေကို လွယ်လွယ်လေးနဲ့ ရစေတဲ့ အရာများသာဖြစ်ပါတယ် ။ ကျွန်တော်တို့အတွက် သခင်ယေရှု ရွေးနှုတ်ခြင်း “အခ” ဘယ်လောက်ပေးခဲ့ရသလဲဆိုတာကို ကျွန်တော်တို့ သိပ်မဆင်ခြင်ဘဲ ရွေးနှုတ်ခြင်းကြောင့် ခံစားရတဲ့ အသီးအပွင့်တွေကိုသာ တစ်ဖက်သတ်အာရုံစိုက်နေသ၍ ကျေးဇူးတော်ဟာ အများအမြင် မှာ ပေါပေါလောလော ပဲ ဖြစ်နေဦးမှာ ဖြစ်ပါတယ်။

သခင့်ယေရှု၏ ကျေးဇူးတော် ကြွယ်ဝကြောင်းကို ဖတ်ရှုသော ခရစ်တော်၌ ညီအစ်ကိုမောင်နှမအားလုံး၌ ယခင်ထက်ပိုသိလာစေ၍ လောကအလယ်၌ ကျေးဇူးတော်သည် တန်ဖိုးအရှိဆုံး လက်ဆောင်အဖြစ် လောကီသားများ မြင်လာစေတော်မူပါ။ အာမင်။

သခင်ယေရှု၏ ကျေးဇူးတော်မြတ်၌

John Wick