Skip to content

ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော

ဤဆောင်းပါးတွင် တမန်တော်ကြီး ရှင်ပေါလု ပြောသောစကားများနှင့် သက်ဆိုင်သောအရာများကို အစိမ်းရောင် ဖြင့် ဖော်ပြထားပြီး တမန်တော်ကြီး ရှင်ယောကုပ် ပြောသောစကားများနှင့် သက်ဆိုင်သောအရာများကို လိမ္မော်ရောင် ဖြင့် ခွဲခြား၍ မြင်သာအောင် ဖော်ပြထားပါသည်။

အထူးသဖြင့် ယုံကြည်သူညီအစ်ကို၊ မောင်နှမများ သို့

(ယုံကြည်ခြင်း အားဖြင့်)

သို့ဖြစ်လျှင်ဝါကြွားစရာအကြောင်းကား အဘယ်သို့နည်းဟု မေးသော်၊ ဝါကြွားစရာအကြောင်းကို ပယ်ပြီ။ အဘယ်တရားအားဖြင့် ပယ်သနည်း။ အကျင့်တရားအားဖြင့်ပယ်သလော။ အကျင့်တရားအားဖြင့် ပယ်သည် မဟုတ်။ ယုံကြည်ခြင်းတရားအားဖြင့် ပယ်ပြီ။ ထို့ကြောင့်လူမည်သည်ကား ပညတ်တရား၏အကျင့်မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်တတ်သည်ဟု ယူရ၏။” (ရောမသြဝါဒစာ ၃ : ၂၇ )

ထိုသို့ဖြစ်လျှင် ငါတို့အဘ အာဗြဟံသည် ဇာတိပကတိအားဖြင့် အဘယ်အကျိုးကို ရသနည်း။ အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မှန်လျှင် ဝါကြွားစရာအကြောင်းရှိ၏။ ဘုရားသခင့်ရှေ့တော် ၌ ထိုသို့မဟုတ်။” (ရောမသြဝါဒစာ ၄ : )

ထို့အတူ၊ ဘုရားသခင်သည်အကျင့်ကို မထောက်ဘဲလျက်ပေးတော်မူသော ဖြောင့်မတ်ခြင်းကိုရသောသူ၏ မင်္ဂလာကိုဒါဝိဒ်သည် ရည်မှတ်၍ ဆိုသည်ကား….” (ရောမသြဝါဒစာ ၄ : )

ထိုနည်းတူ ယခုကာလတွင်ပင် ကျေးဇူးတော်အတိုင်း ရွေးကောက်တော်မူသောအကြွင်းအကျန်ရှိသေး၏။ ကျေးဇူးတော်အားဖြင့်ရှိလျှင် ကိုယ်ကျင့်သောအကျင့်အားဖြင့် မရှိ။ ရှိလျှင်ကျေးဇူးသည် ကျေးဇူးမဟုတ်။ ကိုယ်ကျင့်သော အကျင့်အားဖြင့်ရှိလျှင်၊ကျေးဇူးအားဖြင့်မရှိ။ ရှိလျှင် ကိုယ်ကျင့်သောအကျင့်သည် အကျင့် မဟုတ်။” (ရောမသြဝါဒစာ ၁၁ : )

(အကျင့်အားဖြင့်)

ငါ့ညီအစ်ကိုတို့ တစ်စုံတစ်ယောက်သောသူက ငါသည်ယုံကြည်ခြင်းရှိ၏ ဟုပြောလျက်၊ အကျင့်ကိုမကျင့်ဘဲ နေလျှင်အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော။ ညီအစ်ကို နှမတို့ သည် အဝတ်အချည်းစည်းရှိ၍ နေ့တိုင်းစားရသောအစာမရှိသောအခါ၊သင်တို့တွင်တစ်စုံတစ်ယောက်သော သူကငြိမ်ဝပ်စွာသွားကြလော့၊ နွေးကြလော့၊ ဝကြလော့ဟု ပြောလျက်၊ သူတို့ကိုယ်နှင့်တော်လျော်သော အသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုနည်းတူ အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် တပါးတည်းရှိသောကြောင့် အသေဖြစ်၏။” (ရှင်ယာကုပ်သြဝါဒစာ ၂ : ၁၄ – ၁၈)

လျှပ်ပေါ်သောသူ၊ အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်သည်ကို သိချင်သလော။ ငါတို့ အဘ အာဗြဟံသည် မိမိသား ဣဇက်ကိုယဇ်ပလ္လင်ပေါ်မှာ တင်လှူပူဇော်သောအခါ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော။ယုံကြည်ခြင်းသည် အကျင့်နှင့်အတူပြုပြင်၍၊ အကျင့်အားဖြင့် စုံလင်သည်ကို သိမြင်ရ၏။” (ရှင်ယာကုပ်သြဝါဒစာ ၂ : ၂၀ ၂၃)

လူသည်ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ရောက်သည်မဟုတ်။ အကျင့်အားဖြင့်ရောက်သည်ကို သင်တို့သိမြင်ရကြ၏။ ထိုနည်းတူ ပြည်တန်ဆာရာခပ်သည်၊ တမန်တို့ကို လက်ခံပြီးမှ အခြားသောလမ်းဖြင့် လွှတ်လိုက်၍၊ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်သည်မဟုတ်လော။ ဝိညာဉ်နှင့်ကင်းသော ကိုယ်သည် အသေဖြစ်သကဲ့သို့ အကျင့်နှင့်ကင်းသော ကိုယ်သည် အသေဖြစ်၏။” (ရှင်ယာကုပ်သြဝါဒစာ ၂ : ၂၄)

တမန်တော် ရှင်ပေါလု နဲ့ တမန်တော် ရှင်ယာကုပ်တို့ ၂ ယောက် မှာ

ဝိညာဉ်တော်အားဖြင့် ရေးထားတဲ့ ကျမ်းပိုဒ်တွေမှာ.. ဖြောင့်မတ်ခြင်း နဲ့ ပတ်သက်ပြီး “ဖြောင့်မတ်ခြင်းဟာ ယုံကြည်ခြင်းသက်သက်အားဖြင့်သာ ရရှိတဲ့ အရာ ဖြစ်တယ်။” (ရှင်ပေါလု)

ဖြောင့်မတ်ခြင်းဟာ ယုံကြည်ခြင်းတစ်ခုတည်းသက်သက်ဖြင့် မရဘူး ။ အကျင့်ရှိမှ ဖြောင့်မတ်ခြင်းရှိတယ်လို့ သတ်မှတ် လို့ရမယ်” ဆိုတဲ့ သဘော ၂ မျိုး တွေ့ရပါတယ်။ (ရှင်ယာကုပ်)

အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော်လည်း တော်တော်လေး ရှုပ်ထွေး ခဲ့ပါတယ်။ သေချာသိတာကတော့ ကိုယ်နားမလည်သေးလို့ ဆိုတာကိုပါပဲ။ နှုတ်ကပတ်တော်ကတော့ တစ်ခုနဲ့တစ်ခု ဆန့်ကျင်စရာအကြောင်းမရှိပါဘူး။ အာမင်။ ဒါကြောင့်လည်း အဲဒီအချက်ကို ရှင်းရှင်းလင်းလင်းသိခွင့်ရဖို့ ဆုတောင်းပါတယ်။

အခု ကျွန်တော့်ကို ဘုရားက ပေးသိသလောက် ချစ်တဲ့ခရစ်တော်အားဖြင့် ညီအစ်ကိုတွေကို ဝေမျှပေးချင်ပါတယ်။ တမန်တော်ရှင်ပေါလုပြောတဲ့ဖြောင့်မတ်ခြင်းနဲ့ တမန်တော်ရှင်ယာကုပ်ပြောတဲ့ဖြောင့်မတ်ခြင်းနဲ့ပက်သတ်ပြီး စာဖတ်သူအား ဝိညာဉ်တော်ဘုရားက ဖွင့်ပြထားပြီးပြီးဆိုရင်လည်း ဝေမျှပေးပါ။

ကျွန်တော် ဝေမျှပေးလိုက်လို့ သမ္မာတရားအားဖြင့် လွတ်မြောက်မှုတစ်ခုကို ရသွားတယ်ဆိုရင် ခရစ်တော်ယေရှုကိုသာ ဘုန်းပေးလိုက်ပါ။ နာမတော်ကို ချီးမွမ်းလိုက်ပါ။

တမန်တော်ရှင်ပေါလုပြောတဲ့ “ယုံကြည်ခြင်း သက်သက်အားဖြင့် ရရှိတဲ့ ဖြောင့်မတ်ခြင်း” ဟာ ဘုရားရဲ့ ကျေးဇူးတော်သက်သက် ကြောင့်ဖြစ်ပြီး ဘုရားနဲ့ သူ့ကိုယုံတဲ့သူ နဲ့ တစ်ဦးချင်း တစ်သီးပုဂ္ဂလ (personal) ပေးတဲ့ သက်သေ ဖြစ်ပါတယ်။ ကိုယ်က ကိုယ် ဖြောင့်မတ်ကြောင်း၊ ဘုရားကို ကိုယ့်အကျင့်အားဖြင့်သက်သေပေးစရာမလိုပါဘူး။ ဘုရားက ကိုယ်သက်သေ မပြလည်း သိပြီးသားပါ။ ဘာလို့လဲ ဆိုတော့ သူလုပ်တာ သူအသိဆုံးလေ။ သူ့ကို ကိုယ်က သက်သေပြန်ပေးစရာမလိုပါဘူး။

ဥပမာ ပြောရလျှင် မိခင်တစ်ယောက် သူမွေးထားတဲ့သားကို “သားရေ မင်းဟာ ငါ့သားဖြစ်တယ်ဆိုတာ ငါ့ကို သက်သေပြပါ” လို့ ပြောစရာမလိုပါဘူး။ ဘာလို့လဲ ? သူကိုယ်တိုင် မွေးထားလို့ပေါ့။ ဒီအတွက် မိခင်က သူ့သား ဆီကနေ သူ့သား အမှန်ဖြစ်ကြောင်း သက်သေတောင်းစရာမလိုပါဘူး။ ဒီလိုပဲ ဘုရားကို ယုံကြည်တဲ့သူကို ဘုရားက ဖြောင့်မတ်တယ်လို့ သတ်မှတ် တဲ့အခါ အဲဒီ ဖြောင့်မတ်တယ်ဆိုတဲ့ သက်သေကို အဲဒီလူက ကျွန်တော်ဖြောင့်မတ်ပါတယ်ဆိုတာကို သူ့ရဲ့ အကျင့် တခုခု အားဖြင့် ဘုရားကို သက်သေ ပြန်ပေးစရာ လိုပါသလား? မလိုပါဘူး.. ဘုရားကိုယ်တိုင်က သိပြီးသားပဲလေ။ ကိုယ်နဲ့ ဘုရားကြားမှာ သက်သေပေးတဲ့သူက ကိုယ်မဟုတ်ပါဘူး။ ဘုရားသခင်သာဖြစ်ပါတယ်။ “အကျင့်မရှိသောသူမည်သည်ကား မတရားသော သူ၏ အပြစ်ကိုဖြေသောသူကို ယုံကြည်လျှင် သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျှက်ရှိ၏” ဆိုတဲ့အတိုင်း ဒါက ဘုရားနဲ့ သူ့ကို ယုံကြည်တဲ့ သူ ၂ ဦး ရဲ့ တစ်သီးပုဂ္ဂလ (personal) သတ်မှတ်ချက်ကို ပြောတာပါ။

ရှင်ယာကုပ်ပြောတာကို သွားပါမယ်။ တမန်တော်ရှင်ယာကုပ်ပြောတဲ့ ဖြောင့်မတ်ခြင်းက ကိုယ်နဲ့ ဘုရား နဲ့ ၂ ဦးတည်း ရထားတဲ့ ဖြောင့်မတ်ခြင်းသက်သေကို ပြောနေတာမဟုတ်ပါဘူး။ ကိုယ်ရဲ့ ယုံကြည်ခြင်းသက်သက်နဲ့ ဘုရားဆီကရထားတဲ့ ဖြောင့်မတ်ခြင်း ကို လူတွေ ရှေ့မှာ အသီးအပွင့်အဖြစ် ပေါ်ထွက်လာပြီး သက်သေဖြစ်စေတဲ့ လူတွေ သတ်မှတ်တဲ့ ဖြောင့်မတ်ခြင်း ဖြစ်ပါတယ်။

ဥပမာပြောရရင် ကျွန်တော့်အဖေက အရမ်းသဘောကောင်းတယ်။ ရုပ်ချောတယ်။ အပေးအကမ်းရက်ရောတယ်။ အရမ်းချမ်းသာတယ်။ လူတိုင်းကို မေတ္တာထားတယ်။ ချစ်တယ် ။ ဒါကို လူတွေအားလုံးက မြင်တယ် ။ သူ့သားဖြစ်တဲ့ ကျွန်တော်က ငယ်ငယ်ကတည်းက ကားအက်စီးဒင့်ဖြစ်ပြီး မျက်နှာခွဲစိတ်လိုက်ရတယ်ဆိုပါစို့။ အဲဒီတော့ အဖေနဲ့လည်း ရုပ်မတူတော့ဘူး ။ ဒါထက်မက ကျွန်တော်က ဆိုးတယ်၊ စိတ်ထားလည်း မကောင်းဘူး။ အဖေ့ရဲ့ ပုံစံနဲ့လုံး၀ မတူဘူး။ နေတာ၊ ထိုင်တာ၊ ပြောတာ၊ ဆိုတာ စသဖြင့် ပေါ့။ ဒါဆို မသိတဲ့ လူတွေက ကျွန်တော်ဟာ အဖေ့ရဲ့သားပါ လို့ ပြောရင် လက်ခံနိုင်ပါ့မလား? လက်ခံနိုင်မယ် မထင်ပါဘူး ။ ဒါကြောင့် သူတို့အတွက်တော့ ကျွန်တော်ဟာ အဖေ့ရဲ့သားဖြစ်ပါတယ် (သား ဖြစ်ခြင်း) ဆိုတာကို “သက်သေ” ပြဖို့လိုပါတယ်။ သူတို့က အထိအတွေ့ အမြင် ခံစားမှု နဲ့ သတ်မှတ်တာဖြစ်လို့ ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အဖေကတော့ ကျွန်တော် ဘယ်လိုပုံစံ ဖြစ်နေဖြစ်နေ ကျွန်တော်ဟာ သူ့ရဲ့သား၊ သူသိပ်ချစ်တဲ့သားဖြစ်တယ်ဆိုတာကို ကျွန်တော်သက်သေပေးစရာ မလိုပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်ရဲ့ သားဖြစ်ခြင်းကို သူကိုယ်တိုင်ပေးထားလို့ ဖြစ်ပါတယ်။ ရှင်ယာကုပ်ရေးထားတဲ့ အထဲမှာ အာဗြဟံက သူ့သား ကို ပူဇော်တဲ့ အချိန်မှာ အဲဒီအကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်တယ် လို့ ဆိုထားပါတယ်။ ဒါကဘာကို ဆိုလိုတာလဲဆိုရင် အာဗြဟံဖြောင့်မတ်တယ်ဆိုတဲ့ သက်သေက သူ သူ့သားကို ပူဇော်တဲ့ အချိန်ကျမှ လူတွေက သူဖြောင့်မတ်ကြောင်း လက်ခံတယ်ဆိုတာကို ပြောချင်တာဖြစ်ပါတယ်။ ဒါဆို သူ့ကို ဘုရားက ဖြောင့်မတ်တယ်လို့ ဘယ်တုန်းကစ ပြီးသတ်မှတ်ပါသလဲ? သူ့သားကို ပူဇော်တဲ့ အချိန်ကျမှ သတ်မှတ်တာလား? မဟုတ်ပါဘူး။

ကမ္ဘာဦးကျမ်း ၁၅ : ၆ မှာကတည်း ဘုရားသခင်က “အာဗြံသည် ထာဝရဘုရားကို ယုံကြည်သည်ဖြစ်၍ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။” လို့ဆိုထားပါတယ်။ အဲဒီအချိန်တုန်းက အာဗြဟံက နာမည်တောင် မပြောင်းသေးပါဘူး၊ ဣဇာက်ကို မွေးတောင်မမွေးသေးပါဘူး။ ဘာအကျင့်နဲ့မှ သူဘုရားကို သက်သေမပြခဲ့ပါဘူး၊ ဒါပေမဲ့ ဘုရားသခင်က သူ့ကို ယုံကြည်တာနဲ့ ဖြောင့်မတ်တယ်လို့ သတ်မှတ်ပေးပါတယ်။ ဘုရားနဲ့ သူနဲ့ ၂ ဦးကြားက တစ်သီးပုဂ္ဂလ (personal) သက်သေဖြစ်ပါတယ်။

ရှင်ယာကုပ်က တော့.. သူ့သား ကို ပူဇော်တဲ့ အခါမှာ အကျင့်အားဖြင့် ဖြောင့်မတ်ရာရောက်တယ် လို့ ဆိုထားပါတယ်။ ဒါကတော့ အာဗြဟံ ဖြောင့်မတ်တယ်ဆိုတာ လူတွေ အတွက် (လူတွေ အရှေ့မှာ) သက်သေ ဖြစ်ပါတယ်။

တနည်းအားဖြင့် ကျွန်တော်တို့ ယုံကြည်သူ အယောက်စီတိုင်းအသက်တာမှာ ရှင်ပေါလု ပြောတဲ့ အကျင့်မပါတဲ့ ဖြောင့်မတ်ခြင်း (တနည်း) ယုံကြည်သောအားဖြင့် ကျေးဇူးတော်သက်သက်နဲ့ ရတဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းဟာ အမြစ် (foundation) ဖြစ်ပါတယ်။

တမန်တော် ရှင်ယာကုပ်ပြောတဲ့ အကျင့်အားဖြင့် ရရှိတဲ့ ဖြောင့်မတ်ခြင်းဆိုတာက အသီးအပွင့် သက်သေဖြစ်ပါတယ် (Obedient life or The Christ-glorified life).

၂ မျိုးစလုံး ကျွန်တော်တို့ အသက်တာထဲမှာ ရှိရမှာ ဖြစ်ပါတယ်။ လောကီသားတွေက ရှင်ယာကုပ်ပြောတဲ့ အကျင့်အားဖြင့် ရတဲ့ ဖြောင့်မတ်ခြင်းကို ပဲ မြင်မှာဖြစ်ပါတယ်။ ဘုရားသခင်က တော့ ပထမအစ သူ့ကျေးဇူးတော်သက်သက်နဲ့ ပေးတဲ့ ခရစ်တော်ရဲ့ ဖြောင့်မတ်ခြင်းကို ပဲ မြင်မှာဖြစ်ပါတယ်။

အဲဒီတော့ ကိုယ်ရထားတဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း (တနည်းဘုရားသခင်က ကိုယ့်ကို ဖြောင့်မတ်တယ်လို့ လက်ခံထားတာကို ကိုယ်က စိတ်ချခြင်း) မပါဘဲ ကိုယ့်အကျင့်အားဖြင့် လူတွေရှေ့မှာ ကိုယ့်ရဲ့ ဖြောင့်မတ်ခြင်းသက်သေကို ပေးနိုင်ဖို့ မလွယ်ပါဘူး။

နောက်တစ်ခုက ကိုယ် နဲ့ ဘုရားနဲ့ ကြားမှာ ဖြောင့်မတ်ရင်ပြီးရော၊ လူတွေကို ဂရုမစိုက်ဘူး ဆိုပြီး အဲဒီ ဖြောင့်မတ်ခြင်းအပေါ်မှာ ဆက်လက် မကြီးထွား (မဆင်ခြင်မအောက်မေ့၊ နှုတ်ဖြင့်မဝန်ခံ) ဘူးဆိုရင်တော့ ဘုရားဘုန်းတော် ထင်ရှားစရာ ဖြစ်မှာ မဟုတ်ပါဘူး။

ဥပမာပြောရရင်

အရမ်းဒုက္ခရောက်နေတဲ့သူတစ်ယောက်ကိုယ့်ဆီကိုလာပြီး အကူအညီတောင်းတယ် စားစရာ၊ ဝတ်စရာ ဖြစ်ဖြစ် ပိုက်ဆံဖြစ်ဖြစ် ဆိုပါစို့… ကိုယ့်မှာလည်း ရှိနေတယ် အတွင်းထဲက ဝိညာဉ်တော်ကလည်း ဝမ်းမြောက်ခြင်းနဲ့ သက်သေထူပြီး ပေးခိုင်းနေရဲ့သားနဲ့၊ ကူညီခိုင်းနေရဲ့သားနဲ့ ကိုယ်က ပါးစပ်ကနေပဲ စကားလေး နဲ့ပဲ စားပါ။ သောက်ပါ။ နွေးနွေးထွေးထွေးနေပါ။ ငါ က ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ သူဖြစ်တယ် လို့ ပြောပြီး အကျင့်အားဖြင့် မကူညီ၊ မဖေးမရင် သင့ဟာ ဘုရားသခင်အတွက်တော့ ဖြောင့်မတ်တဲ့သူဖြစ်နေပေမဲ့.. အဲဒီ သင့်ကို အကူအညီလာတောင်းတဲ့သူအတွက်တော့ ဘယ်လိုမှသင့်ရဲ့ ဖြောင့််မတ်ခြင်းဟာ စုံလင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ရှင်ယာကုပ်က အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ (စုံလင်တယ်) ရောက်တယ်လို့ ပြောတာပါ။

ကျွန်တော်တို့ ဧဖက်ဩဝါဒစာ ၂:၁၀ ကို လေ့လာကြည့်ရင်လည်း သမ္မာကျမ်းစာဟာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်ဖြစ်မနေဘူးဆိုတာကို ပိုပြီးနားလည်ရမှာပါ။

အခန်းငယ် ၈ မှာ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။” လို့ဖော်ပြထားတဲ့အတွက် ကျွန်တော်တို့ အပြစ်မှ ရွေးနှုတ်ကယ်တင်ခြင်းခံရ၍ ထာဝရအသက်ရစိမ့်သောငှါ သခင်ယေရှုခရစ်တော်တစ်ပါးတည်းကို ယုံကြည်သောအားဖြင့်သာ ရရှိမှာဖြစ်ကြောင်းအတိအလင်းဖော်ပြထားပါတယ်။

အခန်းငယ် ၉ မှာတော့ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။ ဆိုပြီးတော့မှ ကိုယ်ပြုသော ကုသိုလ် ကောင်းမှုတို့၌ ကျွန်တော်တို့ ဝါကြွားစရာဘာမှမရှိကြောင်း သတိပေးထားပါတယ်။ အဲ့လိုပြောလို့ ယုံကြည်ပြီးရင် လုပ်ချင်ရာလုပ်လို့ရရောလားလို့ စောတကတက်တဲ့သူအချို့လည်း ရှိပြန်ပါတယ်။ ထိုသူတို့အတွက် အဖြေကို တစ်ဆက်တည်းမှာပဲ အခန်းငယ် ၁၀ မှာ ဖော်ပြထားပါတယ်။

အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။

ဧဖက်ဩဝါဒစာ ၂:၁၀ အားဖြင့်လည်း ရှင်ပေါလုနဲ့ ရှင်ယာကုပ် တမန်တော်ကြီးနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်ဆန့်ကျင်ဘက်ကို သွန်သင်နေတာမဟုတ်ဘဲ အခန်းငယ် ၈ က ရှင်ပေါလုပြောနေတဲ့အရာဖြစ်ပြီး အခန်းငယ် ၁၀ ကတော့ ရှင်ယာကုပ်သွန်သင်တဲ့အရာကို ပိုမိုရှင်းလင်းစွာ သဘောပေါက်နားလည်စေမှာဖြစ်ပါတော့တယ်။

ဒါကြောင့် ယုံကြည်သူ ညီအစ်ကို အယောက်စီတိုင်း ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို စိတ်ချအားယူပြီး လောကီသားတွေ အရှေ့မှာ ကိုယ့်ရဲ့ ဖြောင့်မတ်ခြင်းသက်သေကို အကျင့် အားဖြင့် ထူရကြအောင်။ ကြိုးစားကြည့်ပါ ကြိုးစားကြည့်တဲ့အခါ ကိုယ်မဟုတ်ဘဲ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဖြစ်နေကြောင်း တွေ့ရပါလိမ့်မယ်။

သခင်ယေရှုနာမတော်သည် ကျွန်တော်တို့ တစ်ဦးချင်းစီ ကျေးဇူးတော်သက်သက်ဖြင့်ရရှိသော ဘုရားသခင်၏ ဖြောင့်မတ်ခြင်း သက်သေအားဖြင့်သော်လည်းကောင်း၊ ကျွန်တော်တို့ ၏ ဖြောင့်မတ်ခြင်းအကျင့်အားဖြင့် လူတို့ရှေ့မှာပြနိုင်သော သက်သေအားဖြင့်သော်လည်းကောင်း ကမ္ဘာအဆက်ဆက်သာ၍ ဘုန်းကြီးလျက်ရှိပါ၏။ အာမင်။

သခင်ယေရှုနာမတော်မြတ်၌

John Wick