Skip to content

အသည်းရောင် ဘီပိုး ရှိ/မရှိနှင့် ဆေးကုသမှု လို/မလို စမ်းသပ် စစ်ဆေးခြင်းများ

၁။ HBsAg

HBsAg သည် အသည်းရောင် “ဘီ” ရောဂါပိုး ရှိနေကြောင်းပြသည့် “ဘီ” ပိုး ပဋိလှုံပစ္စည်း ဖြစ်ပါသည်။ “ဘီ” ရောဂါပိုး ကူးစက်ခံရသူ၏ သွေးတွင် HBsAg (၆)လ ဆက်တိုက် စမ်းသပ်တွေ့ရှိသူများကိုသာ နာတာရှည်ရောဂါပိုး သယ်ဆောင်သူ (HBsAg Carrier) ဟု သတ်မှတ်ပါသည်။ HBsAg ပျောက်ပါက “ဘီ” ပိုး ပျောက်ရန် အခွင့်အလမ်းပေါ်နေပြီ ဖြစ်သည်။ အလွန်ရရန် ခက်ခဲသောအဆင့်ဖြစ်သည်။

၂။ Anti-HBs

HBsAg ပျောက်ပြီး Anti-HBs ပဋိပစ္စည်း ပေါ်လာပါက “ဘီ” ပိုးရောဂါ ပျောက်ပြီ (သို့မဟုတ်) ပျောက်လုနီးပါးရှိသည်ဟု ဆိုသည်။

၃။ HBeAg

HBeAg သည် “ဘီ” ပိုးပွားများမှု ရှိနေကြောင်း ပြသသည့် ပဋိလှုံပစ္စည်း ဖြစ်ပါသည်။ HBeAg(+)ve လူနာအုပ်စုနှင့် HBeAg(-)ve လူနာအုပ်စု ခွဲခြားရန်ဖြစ်သည်။ ဤအုပ်စုနှစ်ခုသည် ရောဂါတိုးမှု၊ ဆုတ်ယုတ်မှုနှင့် ဆေးကုသရာတွင် တုံ့ပြန်မှု မတူသော အုပ်စုနှစ်စု ဖြစ်သည်။

၄။ Anti-HBe

HBeAg ပျောက်သွားသည့်အခါ ပေါ်လာသည့် ပဋိပစ္စည်းဖြစ်သည်။ သွေးထဲတွင် “ဘီ” ပိုးပွားများမှု နည်းသည်ကို ပြသည်။ HBeAg ပျောက်၍ Anti-HBe ပေါ်လာခြင်းကို HBe Seroconversion ဟု ခေါ်သည်။

၅။ Anti-HBc IgM

Anti-HBc IgM သည် လတ်တလော “ဘီ” ပိုး ရုတ်တရက် ကူးစက်ခံရချိန်တွင်ပေါ်သော ပဋိပစ္စည်း ဖြစ်သည်။ “ဘီ” ပိုး ပြန်ကြွချိန်တွင် ပေါ်သည်။

၆။ Anti-HBc IgG

Anti-HBc IgG သည် ယခင် တစ်ချိန်တစ်ခါက “ဘီ” ပိုး ကူးစက်ခံခဲ့ရပါလျှင် ရှိနေမည့် ပဋိပစ္စည်း ဖြစ်ပါသည်။

၇။ HBV DNA

ဆေးကုသမှု ခံယူသူများတွင် HBV DNA – Viral Load (ပိုးကောင်ရေ)ကို လိုအပ်သလို စစ်ရပါသည်။ ပိုးကောင်ရေပေါ် မူတည်၍ ပိုးသတ်ဆေး(Antiviral) ပေးခြင်း၊ ရပ်ခြင်းတုိ့ကို ချိန်ဆရပါသည်။

၈။ Quant HBs Antigen (q HBsAg)

Quant HBs Antigen (q HBsAg) သည် အသည်းတွင်းရှိ ပင်မ “ဘီ” ပိုး အရေအတွက်ကို ပြသပါသည်။ ဤ စမ်းသပ်မှုသည် အသည်းရောင် “ဘီ” ပုိးကို ထိုးဆေး Interferon ဖြင့် ကုသသောအခါ တုံ့ပြန်မှုကို စစ်ဆေးရန်အတွက် အသုံးပြပြီး၊ ခန္ဓာကိုယ်တွင်းမှ “ဘီ” ပုိး (လုံးဝ) ပျောက်ကင်းနိုင်ခြင်း ရှိ၊ မရှိ သိရှိနိုင်ပါသည်။

“ဘီ” ပိုး ကာကွယ်ဆေး

(က) ကာကွယ်ဆေးအမျိုးအစား

ကာကွယ်ဆေးအမျိုးအစား (၂) မျိုးရှိသည်။

၁။ သွေးရည်ကြည်မှ ထုတ်သော Plasma Derived Vaccine သည် အာနိသင်ကောင်း၍ စိတ်ချရသော်လည်း၊ လက်ရှိ အသုံးနည်းလာပါသည်။
၂။ ဗီဇနည်းပညာဖြင့် ထုတ်သော Recombinant Vaccine သည် အလွန်အသုံးများ၍ စိတ်ချရပါသည်။ ၉၅ % ကာကွယ်မှုပေးသည်။

(ခ) ကာကွယ်ဆေးထိုးနည်းများ

၁။ (၀)-(၁)-(၆) လ ၃-လုံး ကာကွယ်ဆေးထိုးနည်း။

၂။ (၀)-(၁)-(၂)-(၁၂) လ ၄-လုံး ကာကွယ်ဆေးထိုးနည်း။

၃။ မြန်မာနိုင်ငံ၏ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း အစီအစဥ်အရ ကလေးများတွင် အခြား ကာကွယ်ဆေးများနှင့်အတူ အသက် (၂) လတွင် ပထမတစ်ကြိမ်၊ (၄) လတွင် ဒုတိယတစ်ကြိမ်၊ (၆) လတွင် တတိယတစ်ကြိမ် ထိုးရပါသည်။ ဆေးရုံ၊ ဆေးခန်းကြီးများတွင် မွေးဖွားသော မွေးကင်းစကလေးငယ်များအား မွေးပြီးပြီးခြင်း (၂၄) နာရီအတွင်း “ဘီ” ပိုးကာကွယ်ခြင်း ပထမအကြိမ် ထိုးပေးရပါမည်။

၄။ ကာကွယ်ဆေး ပြန်လည်ထိုးနှံရန် သတ်မှတ်ရက်ထက် (၁)ပတ်၊ (၂) ပတ် နောက်ကျသော်လည်း ကာကွယ်ဆေး ဆက်လက်ထိုးနိုင်ပါသည်။

၅။ ကာကွယ်ဆေးသည် ဘေးထွက်ဆိုးကျိုး မရှိသလောက် ဖြစ်ပါသည်။

၆။ “ဘီ” ပိုးကာကွယ်ဆေးသည် ၉၅ % အောင်သော ဆေးဖြစ်ပါ၍ ကာကွယ်ဆေး (၃) ကြိမ်ပြည့်အောင် ထိုးပြီးသူတိုင်း ယေဘုယျအားဖြင့် ဆေးအောင်၊ မအောင် စစ်ဆေးရန် မလိုပါ။ ဆေးအောင်၊ မအောင် လိုအပ်၍ စစ်ဆေးလိုပါက ကာကွယ်ဆေး နောက်ဆုံးအကြိမ် ထိုးပြီး (၆) ပတ် နှင့် (၁၂) ပတ် အကြာတွင် Anti-HBs ခေါ် ပဋိပစ္စည်း စစ်ကြည့်ရပါမည်။

          • 10 mIU/ml ရှိပါက အောင်သည်။ (WHO ၏ သတ်မှတ်ချက်)
          • 100 mIU/ml ရှိပါက ကောင်းစွာအောင်သည်။ ပို၍ စိတ်ချရသည်။
          • 1000 mIU/ml ဖြစ်ပါက အလွန် အားကောင်းသော ဆေးအောင်မှု ဖြစ်သည်။

၇။ “ဘီ” ပိုးရှိသော မိခင်တွင် HBeAg ပါရှိပါက မွေးကင်းစကလေးများကို မွေးပြီး (၁၂) နာရီအတွင်း ကာကွယ်ဆေးနှင့် HBIG (ခေါ်) သွေးရည်ဖြေဆးထိုးရပါသည်။ ဆေးနှစ်မျိုး ရောစပ်၍ မထိုးရပါ။ ကလေး၏ ပေါင် တစ်ဖက်တစ်ချက်တွင် ဆေးတစ်မျိုးစီ အသားဆေး (IM) ထိုးရပါသည်။

ဤဆောင်ပါးသည် ၂၀၁၉ ခုနှစ်၊ မေလထုတ် Mylan မှ ပံ့ပိုးကူညီပေးသော အသည်းရောင်အသားဝါ “ဘီ” ပိုးရောဂါ အကြောင်း သိကောင်းစရာများ ဟူသည့် အသိပညာပေး လက်ကမ်းစာစောင်မှ အနည်းငယ် ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

ချစ်သော မိတ်ဆွေ…

သင်သည် “ဘီ” ပိုး ကူးစက်ခံရသူဖြစ်ပါသလား။ မကြောက်ပါနှင့်၊ မရှက်ပါနှင့်။ သို့သော်လည်း မပေါ့ဆပါနှင့်။ ဆရာဝန်ကြီးများ၏ ဆေးကုသမှုကို မခံယူဘဲ ပေါ့ဆပါက နှစ်ကာလကြာလာသောအခါ နာတာရှည်အသည်းရောဂါ၊ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာြဖစ်နိုင်သည်အထိ အသက်အန္တရာယ်စိုးရိမ်စရာရှိပါသည်။ အသည်းရောဂါနှင့် ပတ်သတ်၍ ဆေးကုသမှုခံယူလိုသော်လည်း ဆရာဝန် စမ်းသပ်ကုသခ များ၍ ဆေးကုသစရိတ်မတတ်နိုင်မည်ကို စိုးရိမ်ပူပန်နေပါက သင့်အား မေတ္တာဖြင့် ကုသပေးမည့် ကုသိုလ်ဖြစ် ဆေးခန်းရှိကြောင်း သတင်းကောင်းပါးလိုပါသည်။

သံစစ်ကုသိုလ်ဖြစ် ဆေးခန်း(၁)
အမှတ် ၃၃/၃၅၊ ပုသိမ်လမ်း၊ ကျွန်းတော(အလယ်)ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း – (၀၉) ၉၆၄၄၈၂၈၂၀၊ (၀၉) ၉၆၄၅၈၂၈၂၀
ဆေးခန်းဖွင့်ချိန် – နံနက် ၈း၃၀ မှ ညနေ ၄း၃၀ နာရီအထိ (ကြာသပတေး နေ့တိုင်း ပိတ်ပါသည်)

သံစစ်ကုသိုလ်ဖြစ် ဆေးခန်း(၂)
အမှတ်-ဘီ(၈)၊ သီရိရိပ်သာလမ်းသွယ်(၁)၊ ၃၅ လမ်း၊ ၇၀/၇၁ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
ဖုန်း – (၀၉) ၉၅၄၄၈၂၈၂၀၊ ၉၅၄၅၈၂၈၂၀

သံစစ်ကုသိုလ်ဖြစ် ဆေးခန်း

• အသည်းရောဂါများကိုသာ ကုသပေးသော ကုသိုလ်ဖြစ်ဆေးခန်းဖြစ်ပါသည်။

• အခြားရောဂါများကို သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများသို့ မိမိ အစီအစဥ်ဖြင့် သွားရောက်ပြသရမည် ဖြစ်ပါသည်။

• အချိန်ပိုင်း ဖွင့်လှစ်သော ဆေးခန်းဖြစ်သဖြင့် အရေးပေါ်လူနာများအား ဆေးခန်းတွင် လက်ခံကုသရန် မဖြစ်နိုင်ပါ။

• ဆေးရုံကဲ့သို့ ပြီးပြည့်စုံသော ဆေးဝါးကိရိယာများ မရှိသောကြောင့် အရေးပေါ် အခြေအနေဖြစ်ပေါ်နေသော လူနာများ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနတွင်သာ (အမြန်ဆုံး) သွားရောက်ပြသပါရန်။

• ဆရာဝန် စမ်းသပ်ကုသခြင်းသည် (အခမဲ့) ဖြစ်ပါသည်။

• အလုံးစုံ (အခမဲ့) တာဝန်ယူ ကုသပေးသော ဆေးခန်းမဟုတ်ပါ။

• အချို့သော ရောဂါရှာဖွေစမ်းသပ်ခြင်းကို အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ပြုလုပ်ပေးမည်ဖြစ်ပြီး လိုအပ်သောရောဂါရှာဖွေခြင်းနှင့် ကုသသော ဆေးဝါးများကို လူနာ/လူနာရှင်များမှ အကုန်အကျခံရမည်ဖြစ်ပါသည်။

• ဆေးခန်းမှ သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းများ၊ ဆရာဝန်ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ပေးပါရန် ဖြစ်ပါသည်။

“ဘီ” ပိုးရောဂါအန္တရာယ်အား သိရှိရန်နှင့် ကြိုတင်ကာကွယ်တားဆီးနိုင်ရန်၊ အချိန်မှီ ဆေးကုသမှုခံယူနိုင်ပါရန် သခင်ယေရှုခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်ကို အရင်းတည်လျက် ဤဆောင်းပါးအား မေတ္တာဖြင့် ရေးလိုက်ပါသည်။

“အချင်းချစ်သူ၊ သင်၏စိတ်နှလုံးသည် ကောင်းစားသကဲ့သို့၊ သင်သည်အရာရာ၌ကောင်းစားခြင်းနှင့် ကျန်းမာခြင်းရှိမည်အကြောင်း ငါဆုတောင်း၏။” ~ (ရှင်ယောဟန်ဩဝါဒစာ တတိယစောင် ၁း၂)

“ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းဘိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ် သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏” ~ သခင်ယေရှုခရစ်တော် (ရှင်မဿဲခရစ်ဝင်ကျမ်း ၁၁း၂၈)

သခင်ယေရှုနာမတော်မြတ်၌

John The Beloved