Skip to content

မှာထားသည့်အတိုင်းလော! မှားနေသည့်အတိုင်းလော!

မှာထားသည့်အတိုင်းလော! မှားနေသည့်အတိုင်းလော!

“ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သော စိတ်နှလုံးမရှိစေခြင်းငှါ သတိပြုကြလော့။ ဒုစရိုက်၏ လှည့်ဖြားခြင်းအားဖြင့် သင်တို့ စိတ်နှလုံး မခိုင်မာစေခြင်းငှါ၊ ယနေ့ဟူ၍ ခေါ်ဝေါ်သော အချိန်၊ နေ့တိုင်းအစဉ် အချင်းချင်း တယောက်ကိုတယောက် တိုက်တွန်းနှိုးဆော်ကြလော့။”
ဟေဗြဲ ၃:၁၂-၁၃

ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၃၅ကိုလေ့လာရင်း ခွန်အားယူကြပါစို့။
ဤအခန်းကြီးတခုလုံးအား လေ့လာဆင်ခြင်တဲ့အခါမှာ ထာဝရဘုရားသခင်ဟာ သူ့ရဲ့လူမျိုးတော်တွေထံသို့ နှုတ်ကပတ်တော်ကို အကြိမ်ကြိမ်စေလွတ်လျက် သတိပေးသော်လည်းဘဲ ထိုသူတို့ဟာ အကြိမ်တိုင်း အချိန်တိုင်း ငြင်းဆန် ပုန်ကန် နားမထောင်တတ်သည်ကိုတွေ့ရပါတယ်။
ယောယကိမ်မင်းလက်ထက်မှာ ယေရမိထံသို့ ထာဝရဘုရားရဲ့နှုတ်ကပတ်တော်ရောက်လာပါတယ်။ အဲ့ဒါကတော့ဗိမာန်တော်အခန်းတစ်ခန်း၌ရေခပ်အမျိုးသားတွေကိုဖိတ်ခေါ်ပြီး စပျစ်ရည်တိုက်ခိုင်းတာပါ။ ဒီနေရာမှာ ဘုရားကအပြစ်ပြုစေတာမဟုတ်ပါဘူး။ သူရဲ့ လူမျိုးတော်တွေကို ရေခပ်အမျိုးသားတွေရဲ့စံပြအတုယူစရာ အနေအထားကို မြင်စေလျက် ဆင်ခြင်စေချင်တာဖြစ်ပါတယ်။

“ထိုရေခပ် အမျိုးသားတို့ရှေ့၌ စပျစ်ရည်နှင့် ပြည့်သောအိုးများနှင့် ခွက်ဖလားတို့ကိုထည့်၍၊ စပျစ်ရည်ကို သောက်ကြပါဟု သူတို့အား ဆို၏။ သူတို့ကလည်း၊ အကျွန်ုပ်တို့သည် စပျစ်ရည်ကို မသောက်ပါ။ အကြောင်းမူကား၊ အကျွန်ုပ်တို့အမျိုး၏ အဘရေခပ်၏ သားယောနဒပ်က၊ သင်တို့မှစ၍ သားစဉ် မြေးဆက်တို့သည် စပျစ်ရည်ကို မသောက်ရကြ။ အိမ်ကိုလည်း မဆောက်ရ၊ မျိုးစေ့ကိုလည်း မကြဲရ၊ စပျစ်ဥယျာဉ်ကိုလည်းမစိုက်ရ၊ မရှိစေရကြ။ သင်တို့သည် ဧည့်သည်ဖြစ်လျက်နေသောပြည်၌ အသက်တာရှည်မည်အကြောင်း၊ တသက်လုံး တဲနှင့်သာ နေရကြမည်ဟု အကျွန်ုပ်တို့ကို မှာထားပါပြီ။ ထိုကြောင့်၊ အကျွန်ုပ်တို့သည် မယားသားသမီးနှင့်တကွ တသက်လုံးစပျစ်ရည်ကိုမသောက်။ နေစရာဘို့အိမ်ကိုလည်း မဆောက်။ စပျစ်ဥယျာဉ်မရှိ။ လယ်ယာမရှိ၊ မျိုးစေ့မရှိ။ တဲနှင့်သာ နေ၍ အကျွန်ုပ်တို့အမျိုး၏ အဘ ရေခပ်သား ယောနဒပ်မှာထားသမျှသော စကားကို နားထောင်လျက်၊ အဘယောနဒပ်မှာ ထားသမျှအတိုင်း ပြုကြပါပြီ။”
ယေရမိ‬ ‭၃၅:၅-၁၀

တကယ်တမ်းဆို ဘုရားကတည်ခင်းခိုင်းတဲ့ စပျစ်ရည်ကို မသောက်ခြင်းဟာ ဘုရားကိုပုန်ကန်ခြင်းမဟုတ်ဘူးလား? သို့သော် ယောနဒပ်မိန့်မှာထားသည်အတိုင်း ယနေ့အထိ ရေခပ်အမျိုးသားတွေဟာ ထိုသို့သောအမှုအရာတွေကို မပြုကြပါ။

“စပျစ်ရည်ကို မသောက်ရဟု၊ ရေခပ်သားယောန ဒပ်သည် မိမိသားတို့၌ ထားသော ပညတ်စကားအတိုင်း၊ သူတို့သည် ကျင့်၍ ယနေ့တိုင်အောင် စပျစ်ရည်ကို မသောက်ဘဲနေလျက်၊ အဘ၏ပညတ်စကားကို နားထောင်ကြ၏။ ငါသည် စောစောထ၍ သင်တို့ကို အထပ်ထပ် ပြောသော်လည်း၊ သင်တို့သည် ငါ့စကားကို နားမထောင်ကြ။”ယေရမိ‬ ‭၃၅:၁၄

ရေခပ်အမျိုးသားတွေဟာ ထာဝရဘုရားကိုအလွန်ရိုသေကိုင်းရှိုင်းစွာ ကိုးကွယ်သောသူတွေဖြစ်ပါတယ် (ယောနဒပ် ၄ရာ ၁၀:၁၅-၂၃)။ သို့သော်လည်း တဖက်မှာရှိတဲ့ ဣသရေလအမျိုးတွေကတော့ နာမခံခြင်းရဲ့ အကျိုးဆက်ကိုခံစားခဲ့ကြရပါတယ်။

“ရေခပ်သားဖြစ်သော ယောနဒပ်၏ သားမြေးတို့သည် မိမိတို့ အဘမှာထားသော စကားအတိုင်းကျင့်ကြ၍၊ ဤလူမျိုးသည် ငါ့စကားကို နားမထောင်သောကြောင့်၊ ဣသရေလအမျိုး၏ဘုရားသခင်၊ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်ခြိမ်းသမျှသော ဘေးဥပဒ်တို့ကို ယုဒပြည်သူ၊ ယေရှုရှလင်မြို့သား အပေါင်းတို့အပေါ်သို့ ရောက်စေမည်။ အကြောင်းမူကား၊ ငါပြောသော်လည်း၊ သူတို့သည် နားမထောင်ကြ။ ခေါ်သော်လည်းမထူးကြဟု မိန့်တော်မူ၏။” ‭‭ယေရမိ‬ ‭၃၅:၁၆-၁၇

“ပြန်မပြော နားမထောင်” ဆိုသည့်သဘောမှာ မလေးမခန့်ပြုခြင်းပါဘဲ။ ကြောက်ရွံ့ခြင်းမရှိခြင်း။ ပညာမဲ့ခြင်းပေတည်း။
“ပညာရှိသော အကျွန်အားရှင်ဘုရင်သည် ကျေးဇူးပြုတတ်၏။ အရှက်ခွဲတတ်သော ကျွန်မူကား၊ အမျက်တော်ကို ခံရမည်။” သုတ္တံကျမ်း ၁၄:၃၅

နာခံခြင်းဖက်၌ရှိသော ရေခပ်အမျိုးသားတို့အတွက်ကတော့
“ရေခပ်အမျိုးသားတို့အားလည်း၊ ယေရမိဆင့်ဆိုသော၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမိန့်တော်ဟူမူကား၊ သင်တို့သည် သင်တို့အဘယောနဒပ်၏ ပညတ်စကားကို နားထောင်၍၊ သူစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့်သောကြောင့်၊ ရေခပ်ယောနဒပ်အမျိုး၌ ငါ့အမှုထမ်းတို့သည် အစဉ်ရှိကြလိမ့်မည်ဟု ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။” ယေရမိ‬ ၃၅:၁၈-၁၉

ဆင်ခြင်စရာ အကြောင်းတရားရှိပါသည်။ နှုတ်ကပတ်တော်အမိန့်တော် အသက်တာမှာရောက်လာတဲ့အခါ ကျွန်ုပ်တို့ နာခံမည်လော ပုန်ကန်မည်လော။ နောက်တနည်းဆိုရသော် နှုတ်ကပတ်တော်မှာထားသည်အတိုင်းလော ဒါမှမဟုတ် ကိုယ်တိုင် မှားနေသည့်အတိုင်းလော။ အလွန်ပင်အရေးကြီးပါသည်။
“ထိုကြောင့်၊ ခပ်သိမ်းသောညစ်ညူးခြင်း၊ မနာလိုသောစိတ် လွန်ကျူးခြင်းကို ပယ်ရှား၍၊ သင်တို့စိတ် ဝိညာဉ်ကို ကယ်တင်နိုင်သော၊ အထဲ၌ စိုက်ပျိုးသောနှုတ်ကပတ်တရားကို နှုးညံ့သိမ်မွေ့သော စိတ်နှင့် ခံယူကြလော့။ ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့။ တရားကိုမကျင့်ဘဲနာရုံမျှသာ ပြုသောသူမည်သည်ကား၊ မှန်၌ မိမိပကတိမျက်နှာကို ကြည့်သော သူနှင့်တူ၏။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ၊ အခြားသို့သွား၍ မိမိအဆင်းသဏ္ဌာန်ကို ချက်ခြင်း မေ့လျော့တတ်၏။ လွှတ်ခြင်းနှင့် စပ်ဆိုင်၍စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား၊ တရားနာ၍ မေ့လျော့သောသူမဟုတ်၊ အကျင့်ကျင့်သောသူဖြစ်သဖြင့်၊ မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိသောသူဖြစ်၏။” ယာကုပ်‬ ‭၁:၂၁-၂၅

“ငါကဘုရားသား” “ငါကကောင်းကင်သား” “ငါကဘုရားလူ” စသည်ဖြင့် ကျွန်ုပ်တို့ဘယ်လောက်ပင်ဟစ်ကြွေးနေပါစေ။ “ဟိုဘုရားကျောင်းတက်တယ်” “ဟိုကျောင်းကဆင်းတယ်” စသည်ဖြင့် ဘယ်လောက်ပင်ဂုဏ်ယူနေပါစေ။ မှာထားသမျှအတိုင်း မခံယူ အသက်မရှင်သေးသ၍တော့ အသက်တာကမင်္ဂလာရှိနိုင်မည်မဟုတ်ပေ။ နာယူရုံဘဲဆို မေ့မှာပါဘဲ။ နာယူပြီးမလိုက်လျှောက်ရင်တော့ အကျိုးဆက်ကသိပ်မဟန်လှပါ။ ဘုန်းတော်လည်းထင်ရှားလာဖို့အကြောင်းလည်း ရှိမည်မဟုတ်ပါ။
ယနေ့မျက်မှောက်ခေတ် အရာရာလွယ်ကူလာနေသည်။ အင်တာနက်များအားဖြင့် မီဒီယာ လောကမှာလည်း တဟုန်ထိုးမြန်ဆန်လာသည်။ ထိုအထဲ၌ ခရစ်ယာန်ဝိညာဉ်ရေးရာမှာလည်း မီဒီယာအားဖြင့် ပါဝင်လာနေသည်။ ကောင်းတာလည်းရှိသလို မကောင်းတာလည်းရှိသည်။ ကိုယ်မှားနေသည့်အတိုင်း ကိုပြန်ပြင်ဖို့ရာမမြင်မိလောက်အောင် တချို့သော သွန်သင်ခြင်းတွေက ဒုနဲ့ဒေးရှိသည်။ ဈေးကြီးပေးဝယ်ထားသည့် ဖုန်းကိုနေ့တိုင်းအားသွင်းကာ နေ့စဉ်နဲ့အမျှအချိန်ယူမှုများလာနေကြသည်။ ကောင်းမြတ်သော ထာဝရဘုရားမှုတ်သွင်းတော်မူသော နူတ်ကပတ်တော်၊ သမ္မာကျမ်းစာဖြင့် အသက်တာကို အားသွင်းမည့်သူ၊ မှာထားသမျှအတိုင်း အသက်ရှင်မည့်သူနည်းပါးလာနေသည်။
စဉ်းစားကြည့်ပါမိတ်ဆွေ ရေခပ်အမျိုးသားတွေဟာ သူတို့ကြားရတဲ့နေ့ကနေစပြီးတော့ မလုပ်ပါနဲ့လို့ပညတ်ထားတဲ့အရာတွေကို မလုပ်ခဲ့ဘူး။ အဲ့ဒီအရာတွေက သူတို့နှစ်သက်တဲ့အရာတွေ ခုံမင်တဲ့အရာတွေကော မဖြစ်နိုင်ဘူးလား?။ ဒါပေမယ့် နာခံတယ်။ မှာထားသည်အတိုင်း နာခံတယ်။ တဖက်မှာတော့ အထပ်ထပ်အခါခါ ဘုရားရဲ့နှုတ်ကပတ်တော်ကို ကြားနေရတဲ့ ဣသရေလအမျိုးသားတွေကတော့ နားမထောင် ပြန်မပြောဘဲ မှားနေသည့်အတိုင်းဆက်မှားနေခဲ့မြဲပင်။
ကျွန်တော်တို့တတွေကော နေ့တိုင်းကြားနေရတယ်မဟုတ်လား?။ ဒါဆိုရင်……..

“ထိုကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော် မိန့်တော်မူသည်ကား၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက်ရှိသည် ဖြစ်၍၊ ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။ သင်တို့အဘများသည် အနှစ်လေးဆယ်ပတ်လုံး ငါ့ကို အနည်းနည်း စုံစမ်း၍၊ ငါ၏အမှုတို့ကို မြင်ရသော တောတွင် ငါ့ကို ဆန့်ကျင်ဘက်ပြု၍ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။ ထိုလူမျိုးကို ငါရွံသည်ဖြစ်၍၊ သူတို့သည် အစဉ်စိတ်သဘော မှားယွင်းတတ်ကြ၏။ ငါ၏ အလေ့အလာ တို့ကို နားမလည်ကြဟု ငါဆိုရ၏။” ဟေဗြဲ‬ ‭၃:၇-၁၀

ခရစ်တော်၌

The Blessed Desk.