Skip to content

ယနေ့ ကမ္ဘာပေါ်တွင် ရှိကြသော ဘာသာကြီးများအားလုံးသည် ကောင်းမွန်သောဘာသာတရားများဖြစ်ကြပါတယ် (အချို့သော ဘာသာရေးအစွန်းရောက်များကိုတော့ ခြွင်းချက်အနေနဲ့ ခဏထားလိုက်ပါ) ။ လူ့ဘောင်အဖွဲ့အစည်းကို ဘာကောင်းကျိုးတစ်ခုမှ မပေးနိုင်တဲ့ ဘာသာတရားတွေကတော့ သူ့အလိုလို တိမ်ကောပျောက်ကွယ်သွားကြပါပြီ။
ဘာသာတရားအားလုံးက ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်လို့ပဲ ယေဘုယျအားဖြင့် သွန်သင်ကြပါတယ်။ ဒါဆို သင်ဘာကြောင့် ခရစ်တော်ရဲ့ နောက်လိုက် ခရစ်ယာန်ဖြစ်နေရတာလဲ။ ဘာသာတရားအားလုံးက ကောင်းကြတာတော့ ဟုတ်ပါပြီ။ ဘာလို့  ခရစ်ယာန်ဘာသာကမှ မှန်ကန်သောတစ်ခုတည်းသော ဘာသာတရားဖြစ်တယ်လို့ သင်ယုံကြည်တာပါလဲ။ သခင်ယေရှုခရစ်တော်တစ်ပါးတည်းသာ ကယ်တင်ခြင်း အကျွတ်တရားလမ်း  ဖြစ်တယ်လို့ သင် ဘာကြောင့် ယုံကြည်နေရပါသလဲ။ ဒီလိုမေးခွန်းတွေကို သင့်ဘဝမှာ အမေးခံရဖူးပါသလား။
ဒီဆောင်းပါးလေးက အထက်ပါမေးခွန်းများအတွက် လုံလောက်တဲ့ အကြောင်းပြချက် (၄) ချက်ကို ဖော်ပြပေးမှာဖြစ်ပါတယ်။

ခရစ်ယာန်ဘာသာတရား(Christianity)သည် မှန်ကန်သောဘာသာတရားဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်ကြသည့် အကြောင်းအရင်းကတော့ အဓိက မေးခွန်း(၄) ခုအတွက် အဖြေအားလုံးက “Yes!” ဖြစ်နေလို့ပဲဖြစ်ပါတယ်။

၁။ ပထမဦးဆုံးမေးခွန်းကတော့ … “သမ္မာတရား(အမှန်တရား)ဆိုတာ တကယ်ရှိပါသလား” (Does truth exist?) ဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။

ယခု ပြောနေတဲ့အမှန်တရားဆိုတာ ဓမ္မဒိဌန်ကျတဲ့ အမှန်တရားကို ပြောနေတာဖြစ်ပါတယ်။ ဆိုလိုတာက လူကြိုက်များခြင်း၊ မများခြင်းပေါ်မှာ မမူတည်ဘဲ မည်သူရဲ့မျက်နှာကို မထောက်တဲ့ မှန်ကန်နေတဲ့တရားကို ဆိုလိုတာဖြစ်တယ်။ တစ်ယောက်မှ ထောက်ခံမှုမရှိရင်တောင် မှန်ကန်နေမယ့်တရားကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဓမ္မဒိဌန်ကျတဲ့ အမှန်တရားဆိုတာ ရှိပြီဆိုရင် လူတိုင်း အဲ့တရားကို ယုံကြည်လက်ခံရမှာဖြစ်ပါတယ်။ အခြားလမ်းမရှိ၊ ဓမ္မဒိဌန်ကျတဲ့လမ်းကိုသာ ရွေးချယ်ရမှာဖြစ်ပါတယ်။ မယုံကြည်၊ လက်မခံနိုင်ရင် တရားက မှားနေခြင်းမဟုတ်။ မယုံကြည်တဲ့ ကိုယ်က မှားနေခြင်းဖြစ်ပါတယ်။

“အမှန်တရားဆိုတာမရှိပါဘူးကွာ။”၊
“လူတိုင်းက ကိုယ့်ကိုယ်ကို မှန်တယ်လို့ထင်နေကြတာပဲ။”၊
“မင်းလည်း မင်းအမှန်တရားနဲ့မင်း၊ ငါလည်း ငါ့အမှန်တရားနဲ့ငါ။ ဘယ်အမှန်တရားကမှ ဓမ္မဓိဋ္ဌာန် မကျပါဘူး။(Subjective Truth)”
“အားလုံးက ကိုယ့်အမြင်နဲ့ကိုယ်ပဲ။ အမှန်တရားဆိုတာ မရှိဘူး။” စသဖြင့််
လူတွေ ဒီလိုပြောပြောနေတာ သင် မကြာကြာ ကြားဖူးပါလိမ့်မယ်။
အမှန်တရားဆိုတဲ့အရာမရှိဘူးဆိုတာ ဟုတ်ပါသလား။ အကယ်၍ တစ်စုံတစ်ယောက်က သင့်ကို “အမှန်တရားဆိုတဲ့အရာ မရှိဘူး” လို့ပြောလာတဲ့အခါ “သင် ယခုလို ပြောနေတဲ့ ကြွေးကြော်မှုကရော မှန်ကန်မှုရှိရဲ့လား” လို့ ဆိုပြီး ပြန်မေးလိုက်ပါ။

ဒီအချက်ကို သေချာမှတ်ပါ။ အကယ်၍ “အမှန်တရားဆိုတဲ့အရာ မရှိဘူးဆိုတဲ့အချက်သာ တကယ်မှန်တယ်”လို့ တစ်စုံတစ်ယောက်က သင့်မေးခွန်းကို ပြန်ဖြေခဲ့ရင် ထိုသူရဲ့ “အမှန်တရားဆိုတာ မရှိဘူး”ဆိုတဲ့ ကြွေးကြော်ချက်သည်ပင်လျှင် မမှန်နိုင်တော့ပါ။ ဒါဟာ ဓမ္မဒိဌန်ကျတဲ့ သမ္မာတရားဆိုတာ တည်ရှိခြင်းကို ငြင်းပယ်သူတိုင်း ကြုံရမယ့် အခက်အခဲပါ။ ထိုသူ၏ဖြေဆိုပုံအရ သူ၏ကြွေးကြော်ချက်သည်ပင်လျှင် အမှန်တရားမဟုတ်တော့ပါ။ သူပြောတာသာ အမှန်လို့ အတင်းစွတ်ပြောနေခြင်းသာဖြစ်ပါတယ်။ အကြောင်းမှာ ထိုသူကိုယ်တိုင်ပင် “အမှန်တရားဆိုတာမရှိဘူး”ဆိုတဲ့ သူ့ကြွေးကြော်ချက်သည် မမှန်ကန်ကြောင်း သူ့ဘာသာသူ ဝန်ခံပြီးသားဖြစ်နေလို့ပါပဲ။ ဒါကို ကိုယ့်ကိုယ်ကို ထိုးနှက်မိစေတဲ့ ကြွေးကြော်ချက် (Self-defeating claim) လို့ခေါ်ပါတယ်။ ထို့ကြောင့် ဘုရားမဲ့ဝါဒီ(Atheists)များကြွေးကြော်သလို ဓမ္မဒိဌန်ကျတဲ့အမှန်တရား(Objective Truth/Absolute Truth)ဆိုတာ မရှိဘဲ အမှန်တရားအားလုံးက ဓမ္မဒိဌန်မကျဘူး(Subjective Truth)ဆိုလျှင် “ဘုရားသခင်ဆိုတာ မရှိ”ဆိုတဲ့ သူတို့ရဲ့ ကမ္ဘာကျော်အဆိုပင်လျှင် မမှန်နိုင်တော့ပါ။ ဓမ္မဓိဋ္ဌာန်ကျတဲ့ သမ္မာတရား/အမှန်တရား(Objective Truth)ဆိုတာရှိကိုရှိပါတယ်။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၄း၆ တွင် သခင်ယေရှုဘုရားက “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။”

ဆိုတဲ့ သခင့်ရဲ့ကြွေးကြော်ချက်သည် ဓမ္မဓိဋ္ဌာန်ကျသော(Objective) သမ္မာတရားဖြစ်သည်။ ကိုယ်တော်က “ငါဟာ ငါ့ကိုယ်ငါသမ္မာတရား/အမှန်တရားဖြစ်တယ်လို့ ထင်တယ် ” ဒါမှမဟုတ် “ငါသည် သင်တို့အား သမ္မာတရားကို ပြမည်”လို့မိန့်တော်မမူဘဲ ကိုယ်တော်ရှင်သည် ကိုယ်တော်တိုင်ပင် အတုမရှိသော၊ တစ်ခုတည်းသော၊ ဓမ္မဓိဋ္ဌာန်ကျသော “သမ္မာတရား”(THE TRUTH)စင်စစ်ဖြစ်ကြောင်း ယုံကြည်ချက်ရှိရှိ၊ ဩဇာရှိရှိမိန့်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ သခင်ယေရှုက “ငါသည် လမ်းခရီးဖြစ်၏” လို့ပြောတဲ့အခါ ယေရှုခရစ်တော်ဆိုတဲ့ “လမ်း” မှ တပါး အခြားသောလမ်းမရှိပါ။ ခမည်းတော်ဘုရားထံတော်သို့ ပြန်ရောက်စေနိုင်တဲ့ တစ်ခုတည်းသော လမ်းဖြစ်တယ်လို့ ပြောနေတာကို စိတ်ထဲစွမ်းလမ်းစေပါ…မိတ်ဆွေ။ သခင်ယေရှုက “ငါသည် အသက်ဖြစ်၏” လို့ ပြောတဲ့အခါ သူပေးတဲ့ ထာဝရအသက်နဲ့တူတဲ့ အခြားသော အသက်ဆိုတာ မရှိပါလို့ ဆိုလိုနေခြင်းဖြစ်ပါတယ်။ “အမှန်တရားဆိုတာ မရှိဘူး”ဆိုတဲ့ ကြွေးကြော်ချက်သည် လုံးဝမဖြစ်နိုင်ကြောင်းနှင့် ထိုကဲ့သို့သော ပြောဆိုချက်သည် အထက်က ပြောခဲ့ပြီးသလို ကိုယ့်ကိုယ်ကို ထိုးနှက်မိစေတဲ့ ကြွေးကြော်ချက် (Self-defeating claim) မျှသာ ဖြစ်ပါတော့တယ်။

၂။ ဒုတိယမေးခွန်းကတော့ … “ဘုရားသခင် တကယ်ရှိသလား”(Does God exist?)ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

ဘုရားသခင်ကိုယ်တော်တိုင် ကို သိပ္ပံနည်းကျ လက်တွေ့စမ်းသပ်ကြည့်လို့မရပါ။ ဘုရားသခင်သည် စကြဝဠာတစ်ခုလုံးကို ဖန်ဆင်းတော်မူတဲ့ ထာဝရဘုရားဖြစ်ပြီး ဘုရားသခင်ဟာ ကျွန်တော်တို့ လက်ခုတ်ထဲက ရေမဟုတ်လို့ပါပဲ။ သို့သော် ဘုရားသခင်တည်ရှိခြင်း၊ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းလက်ရာတော်များနဲ့ ပတ်သတ်ပြီး အကြောင်းပြချက်များစွာ၊ အထောက်အထားများစွာရှိပါတယ်။ ထိုများစွာထဲမှာမှ တစ်ခုကိုပဲ ဒီနေရာမှာ ပြောပြပါရစေ။ ထိုအရာကတော့ အာကာသ၊ ဒြပ် နဲ့ အချိန်(Space, matter , time)ဟာ ဘာမှမရှိတဲ့အခြေအနေကနေ ဖြစ်ပေါ်လာခဲ့သည့်အတွက် ထို (၃) ခုသည် ထာဝရတည်ရှိနေသည့်အရာမဟုတ်ဘဲ စတင်ဖြစ်တည်လာခဲ့သည့် “အစအဦး” ရှိခဲ့သည်ဆိုသည့်အချက်ပင်ဖြစ်ပါတယ်။ သိပ္ပံပညာရှင်အများသဘောတူလက်ခံထားကြပြီး ဒါနဲ့ပတ်သတ်ကာ အကောင်းဆုံးရှင်းပြနိုင်တဲ့ သီအိုရီကတော့ မဟာပေါက်ကွဲမှုသီအိုရီ(Big Bang Theory)ပဲဖြစ်ပါတယ်။ ဒါကြောင့် အာကာသ၊ ဒြပ် နဲ့ အချိန် (၃)ခုတို့၌ “အစ” ရှိခဲ့သည်ဆိုသည့် အချက်ကို ဘုရားမဲ့ဝါဒီများပင် လက်ခံထားကြပါတယ်။ ချစ်သောမိတ်ဆွေ … အာကာသ၊ ဒြပ် နဲ့ အချိန် ဟာ ဘာဆိုဘာမှမရှိတဲ့ အခြေအနေကနေ မဟာပေါက်ကွဲမှုအားဖြင့် စတင်ဖြစ်ပေါ် ခဲ့တဲ့အချိန် (အစအဦး) ရှိခဲ့တယ်ဆိုရင် ထို အာကာသ၊ ဒြပ်၊ နေရာ ကို ဖြစ်ပေါ်စေခဲ့တဲ့ မည်သည့် အကြောင်းတရားမဆို ထို အာကာသ၊ ဒြပ် နဲ့ အချိန် (၃) ခုဖြစ်လို့မရပါ။ ဒါဆို
– နေရာမဲ့ (အာကာသဆိုတာ နေရာကိုပဲပြောတာပါ)
– ဒြပ်မဲ့
– အချိန်မဲ့
– တန်ခိုး(စွမ်းအား)ကြီးသော
– ပုဂ္ဂိုလ်ဖြစ်သော
– ဉာဏ်ရည်မြင့်မားသော အကြောင်းတရားလို့ စဥ်းစားလိုက်ရင် သင် ဘယ်သူ့ကို စမြင်မိပါသလဲ။
“ဘုရားသခင်” ကိုပဲမလား။ ထိုကဲ့သို့သော ကိုယ်ရည်ကိုယ်သွေးနဲ့ ပြည့်စုံတဲ့ အကြောင်းတရားဆိုလို့ “ထာဝရဘုရားသခင်” တစ်ပါးတည်းပဲရှိပါတယ်။ “ထာဝရဘုရား”ဆိုသည့် ဘုရားသခင်ကို ဂျူးဘာသာဝင်များ၊ ယေဟောဝါသက်သေခံဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များကလည်း ယုံကြည်ကိုးကွယ်ကြပါတယ်။ ဒါဆို ဒီနေရာထိ ကျွန်တော်တို့သိထားတာ “ထာဝရဘုရားသခင်”ဆိုတာပဲဖြစ်ပါတယ်။ သုံးပါးတစ်ဆူဘုရားသခင်(ခရစ်ယာန်တို့ယုံကြည်ကိုးကွယ်သော ထာဝရဘုရား) အဖြစ်မှတ်ယူဖို့ရန် အကြောင်းပြချက် မလုံလောက်သေးပါ။ ဒါကြောင့် “ဘုရားသခင် တကယ်ရှိသလား”ဆိုတဲ့ မေးခွန်းအတွက် အဖြေကတော့ “Yes!” ပါ။ စကြဝဠာကို ဖန်ဆင်းတော်မူသော ဘုရားသခင် တကယ်ရှိပါတယ်။

၃။ တတိယမေးခွန်းကတော့ … “သမ္မာကျမ်းစာပါ အံ့သြဖွယ်နိမိတ်လက္ခဏာများဟာ တကယ်ဖြစ်နိုင်သလား(Are miracles possible?)”ဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။

စင်စစ် သမ္မာကျမ်းစာပါ အံ့သြဖွယ်နိမိတ်လက္ခဏာများ(Miracles in the Bible)အားလုံးသာ တကယ်မဖြစ်နိုင်ခဲ့ရင်၊ အားလုံးဟာ စိတ်ကူးယဥ် ပုံပြင်ဒဏ္ဍာရီသက်သက်သာဆိုရင် ခရစ်ယာန်ဘာသာတရားသည် မှန်ကန်သော ဘာသာတရားဖြစ်စရာအကြောင်းမရှိတော့ပါ။ ဒါပေမယ့် သမ္မာကျမ်းစာထဲမှ အထူးခြားဆုံးနဲ့ အကြီးမားဆုံး အံ့ဖွယ်နိမိတ်လက္ခဏာတစ်ခုရှိထားပြီး ထိုနိမိတ်လက္ခဏာအတွက် သိပ္ပံဆိုင်ရာသက်သေအထောက်အထားပါ ရှိထားတယ်ဆိုတာ သင်သိပါသလား။ ထိုနိမိတ်လက္ခဏာဟာ ဘာများလဲ။
ထိုအရာကတော့ သမ္မာကျမ်းစာရဲ့ ပထမဦးဆုံးအခန်းကြီးရဲ့ ပထမဆုံးအခန်းငယ်ထဲက အဖြစ်အပျက်ပါပဲ။

“အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။ (ကမ္ဘာဦးကျမ်း ၁း၁)”

အစအဦး၌ ဆိုတာက အချိန် ဖြစ်ပါတယ်။
ကောင်းကင်(Heavens)ဆိုတာက နေရာ သို့မဟုတ် အာကာသဟင်းလင်းပြင်(Space) ပါ။
မြေကြီး ဆိုတာက ဒြပ် ဖြစ်ပါတယ်။
ဘုရားသခင် ဆိုတာက အသိဉာဏ်တော်နှင့်ပြည့်စုံပြီး ဘာမှမရှိတဲ့အခြေအနေကနေ တစ်စုံတစ်ရာဖြစ်တည်လာအောင် ဖန်ဆင်းလိုတဲ့ ရွေးချယ်မှုကို ပြုလုပ်နိုင်သော ပုဂ္ဂိုလ်တော် ဖြစ်ပါတယ်။
ဒါကြောင့် ကမ္ဘာဦးကျမ်း ၁း၁ က ဘုရားသခင်သည် အချိန်၊ အာကာသဟင်းလင်းပြင်နှင့် ဒြပ်(စကြဝဠာတစ်ခုလုံး)တို့ကို ဘာဆိုဘာမှမရှိတဲ့ အခြေအနေကနေ တစ်ပြိုင်နက်တည်း ဖန်ဆင်းတော်မူတယ်လို့ ပြောနေတာဖြစ်ပါတယ်။ ဒီလောက်ကြီးမားတဲ့ အံ့သြဖွယ်နိမိတ်လက္ခဏာမျိုး စကြဝဠာတစ်ခုလုံးမှာ ရှိပါဦးမလား။ ဒါကြောင့် ဘုရားသခင်သည် ဘာဆိုဘာမှမရှိတဲ့အခြေအနေကနေ စကြဝဠာကြီးတစ်ခုလုံးအား ဖန်ဆင်းနိုင်သေးရင် သမ္မာကျမ်းစာပါ အခြားသော နိမိတ်လက္ခဏာများကို ဘုရားသခင်လုပ်ဆောင်တော်မူခဲ့ကြောင်း အဘယ့်ကြောင့် သံသယဝင်ရပါအံ့နည်း။

ဘုရားသခင်သည် ဘာဆိုဘာမှမရှိတဲ့အခြေအနေကနေ စကြဝဠာကြီးတစ်ခုလုံးအား ဖန်ဆင်းနိုင်ရင်
– စင်စစ် ကိုယ်တော်ဟာ သခင်ယေရှုကိုလည်း သေခြင်းမှ ရှင်ပြန်ထမြောက်စေနိုင်တာပေါ့။
– စင်စစ် ကိုယ်တော်ဟာ ရေပေါ်မှာ လမ်းလျှောက်နိင်တာပေါ့။
– စင်စစ် ကိုယ်တော်ဟာ ကာနမြို့ရှိ မင်္ဂလာဆောင်၌ ရေကနေ စပျစ်ရည်ကို ပြောင်းလဲနိုင်တာပေါ့။
– စင်စစ် ကိုယ်တော်ဟာ ဧဒုံပင်လယ်ကို နှစ်ခြမ်းကွဲစေပြီး ဣသရေလလူမျိုးတော်ကို အဲဂုတ္တုစစ်တပ်လက်က လွတ်မြောက်စေနိုင်တာပေါ့။
– စင်စစ် ကိုယ်တော်ဟာ ကိုယ်တော်၏ သဘောသဘာဝနဲ့ မဆန့်ကျင်တဲ့ မည်သည့် အံ့ဩဖွယ်နိမိတ်လက္ခဏာမျိုးကိုမဆို လုပ်နိုင်တာပေါ့။ ကိုယ်တော့်အတွက် ခက်ခဲသည့် အရာဟူ၍ မရှိပါ။ တစ်စုံတစ်ခုကို မှန်ကန်တယ်လို့ ယုံကြည်ဖို့ရန် ကျွန်တော်တို့ရဲ့ ဘဝအသက်တာမှာ ကိုယ်တိုင်ကြုံတွေ့ဖူးဖို့လိုပါတယ်။ ဥပမာ မီးဆိုတာ ပူတဲ့ဂုဏ်သတ္တိရှိတယ်ဆိုတာကို သိပြီး ယုံဖို့ ကျွန်တော်တို့ကိုယ်တိုင် မီးကို မတော်တဆသော်လည်းကောင်း၊ ရည်ရွယ်ချက်ရှိရှိသော်လည်းကောင်း ထိတွေ့မိဖူးဖို့လိုအပ်တယ် မဟုတ်ပါလား။ ယနေ့ ကမ္ဘာပေါ်တွင် သခင်ယေရှုခရစ်တော်ကို ယုံကြည်သူ သန်းပေါင်း ၂၀၀၀ ကျော်ရှိပါတယ်။ သူတို့က ဘုရားသခင်ရဲ့ အံ့သြဖွယ်နိမိတ်လက္ခဏာတွေကို ကိုယ်တိုင် မခံစားရဖူးဘဲ ခရစ်တော်နောက်လိုက် ဖြစ်နိုင်မယ်တဲ့လား။ စဉ်းစားကြည့်ပါ။
ဒါကြောင့် သမ္မာကျမ်းစာပါ အံ့သြဖွယ်နိမိတ်လက္ခဏာများဟာ တကယ်ဖြစ်နိုင်သလား ဆိုတဲ့ မေးခွန်းရဲ့အဖြေကလည်း “Yes!” ပါပဲ။

၄။ နောက်ဆုံးမေးခွန်းကတော့ … “သခင်ယေရှုဘုရား သေခြင်းမှရှင်ပြန်ထမြောက်ကြောင်းနဲ့ သခင့်ရဲ့ ဧဝံဂေလိတရားကို သက်သေခံထားတဲ့ ဓမ္မသစ်ကျမ်းစာစောင် ခရစ်ဝင်ကျမ်း ၄ ကျမ်းလုံးက ယုံကြည်စိတ်ချရမှု ရှိပါရဲ့လား ” ဆိုတဲ့မေးခွန်းပဲ ဖြစ်ပါတယ်။

ဒီမေးခွန်းအတွက် အဖြေက “Yes!” သာဖြစ်ခဲ့လို့ရှိရင် ဒီအချက်က ခရစ်ယာန်ဘာသာကို ဂျူးဘာသာ၊ ယေဟောဝါသက်သေခံဘာသာ၊ အစ္စလာမ်ဘာသာတို့နဲ့ ခွဲခြားပေးလိုက်တဲ့အရာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ကို သခင်ယေရှုဘုရားအား ယုံကြည်ကိုးကွယ်ပြီး သခင့်ရဲ့တပည့်တော်ဖြစ်စေခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ “သခင်ယေရှုရဲ့ သေခြင်းမှ (၃) ရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ခဲ့ခြင်း” အဖြစ်အပျက်ပဲဖြစ်ပါတယ်။ ခရစ်ဝင်ကျမ်း (၄) ကျမ်းရေးတဲ့ ကျမ်းရေးဆရာ (၄) ယောက်မှာ သမားတော် “ရှင်လုကာ” ကလွဲလို့ ကျန်တဲ့ (၃) ယောက်လုံးက “ဂျူး”လူမျိုးတွေဖြစ်ပါတယ်။
ချစ်သောစာဖတ်သူ … သင့်ကို စဥ်းစားစရာမေးခွန်းလေး နည်းနည်းလောက် မေးပါရစေ။

– ဘာလို့ ခရစ်ဝင်ကျမ်းရေးတဲ့သူတွေက “ဂျူး”လူမျိုးတွေဖြစ်နေရတာလဲ။
– ဘာလို့ သူတို့က “သေခြင်းကပြန်ရှင်တဲ့သခင်ယေရှု” ဒဏ္ဍာရီကို ဖန်တီးရမှာလဲ။
– အကယ်လို့ ထိုအဖြစ်အပျက် တကယ်မဖြစ်ပျက်ခဲ့ရင် သူ့ကိုယ်သူ ဘုရားသခင်ပါလို့ ကြွေးကြော်ခဲ့တဲ့ “ယေရှု”ဆိုတဲ့ သာမန်လူတစ်ယောက်ဟာ သေခြင်းကနေ ရှင်ပြန်ထမြောက်ခဲ့ပါတယ်လို့ ဘာကြောင့် သူများတွေကို လိုက်ပြောနေရမှာလဲ။
– အဲ့လို လူတွေကို လိုက်ဟောပြောနေလို့ သူတို့ဘာရလိုက်လို့လဲ။ ညှင်းပန်းနှိပ်စက်ခံရခြင်း၊ လှောင်ပြောင်အရှက်ခွဲခံရခြင်းနဲ့ အသေသတ်ခြင်းပဲ ခံရတာမဟုတ်လား။
– အမှန်တရားအတွက်တောင် သေဖို့ကြောက်ကြတဲ့ ကျွန်တော်တို့လူသားတွေဟာ အလိမ်အညာဇာတ်လမ်းတစ်ပုဒ်အတွက် အသက်ပေးရဲစရာအကြောင်းရှိပါ့မလား။ (သင် သူတို့နေရာကနေ ခဏလောက် ဝင်တွေးကြည့်ကြည့်ပါ)
– ခရစ်ဝင်ကျမ်းရေးတဲ့သူတွေက ဂျူးလူမျိုးတွေဖြစ်တဲ့အတွက် သာမန်လူတစ်ယောက်က ကိုယ့်ကိုယ်ကို ဘုရားသခင်ပါလို့ ကြွေးကြော်တာဟာ သူတို့အစဥ်အလာအရ ဒါဟာ ဘုရားသခင်ကို စော်ကားခြင်းဖြစ်ပြီး အလွန်အပြစ်ကြီးကြောင်း သူတို့ ကောင်းကောင်းသိတာပေါ့။ အဲ့လိုလူတွေက သူ့ကိုယ်သူ ဘုရားသခင်ပါလို့ ကြွေးကြော်ခဲ့တဲ့ “ယေရှု”ဆိုတဲ့ သာမန်လူတစ်ယောက်ကို ဘာကြောင့် ရေးကြီးခွင်ကျယ်လုပ်နေရမှာလဲ။

ပြီးတော့ ဂျူးလူမျိုးတွေဆိုတာ ဓမ္မဟောင်းကျမ်း အစဥ်အလာနဲ့ သူတို့ကိုယ်သူတို့ ဘုရားသခင် ရွေးချယ်ထားတဲ့ လူမျိုးတော်တွေလို့ ခံယူထားတဲ့သူတွေပါ။ ဒါကြောင့် “သေခြင်းကပြန်ရှင်တဲ့သခင်ယေရှု” ဒဏ္ဍာရီကို ဖန်တီးချင်လောက်အောင် သူတို့လုံးဝစိတ်မပါပါ။

ချစ်သောစာဖတ်သူ …
အမှန်တော့ … ခရစ်ဝင်ကျမ်းရေးဆရာတွေက “သခင်ယေရှုရှင်ပြန်ထမြောက်ခြင်းအဖြစ်အပျက်” ကို ဖန်တီးခဲ့ခြင်းမဟုတ်ပါ။ ရှင်ပြန်ထမြောက်တော်မူတဲ့ သခင်ယေရှုကသာ သူတို့ကို ဓမ္မသစ်ကျမ်းစာစောင်များကို ရေးစေခဲ့တာဖြစ်ပါတယ်။

“ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း၊ သင်တို့အား ရှေ့ဦးစွာ အပ်ပေးသောအကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။ သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။ ကေဖသည်ကိုယ်တော်ကို မြင်ပြီးမှ၊ တကျိပ်နှစ်ပါးသော သူတို့သည် မြင်ရကြ၏။ ထိုနောက် ညီအစ်ကိုငါးရာမက၊ တပြိုင်နက် မြင်ရကြ၏။ ထိုသူတို့တွင် အများသောသူတို့သည် ယခု တိုင်အောင် အသက်ရှင်ကြသေး၏။ အချို့တို့သည် အိပ်ပျော်ကြပြီ။ ထိုနောက် ယာကုပ်မြင်ရ၏။ ထိုနောက် တမန် တော်အပေါင်းတို့သည် မြင်ရကြ၏။ နောက်ဆုံး၌ အချိန်မတော်မတန်ဘွားသော သူကဲ့သို့ဖြစ်သော ငါပင်မြင်ရ၏။ ငါသည် အထက်ကဘုရားသခင်၏ အသင်းတော်ကို ညှဉ်းဆဲသောကြောင့်၊ အညံ့ဆုံးသော တမန် တော်ဖြစ်၏။ (ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၅း၃-၉)”

“သေသောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။ ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။ ထိုမျှမက၊ ငါတို့သည် ဘုရားသခင်၏အမှုမှာ မမှန်သော သက်သေခံဖြစ်ကြ၏။ အကြောင်းမူကား၊ သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ဘုရားသခင်သည် ခရစ်တော်ကို ထမြောက်စေတော်မမူ၊ ယခုမှာ၊ ခရစ်တော်ကို ထမြောက် စေတော်မူပြီဟု ငါတို့သည် ဘုရားသခင်၏အကြောင်းကို သက်သေခံကြ၏။ သေလွန်သောသူတို့သည် ထမြောက် ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။ ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊ ဒုစရိုက် အပြစ်အောက်၌ ရှိကြသေး၏။ ထိုမှတပါး၊ ခရစ်တော်ကို ယုံကြည်၍ အိပ်ပျော် သောသူတို့သည် ဆုံးရှုံးခြင်းသို့ရောက်ကြပြီ။ ငါတို့သည် ခရစ်တော်ကို အမှီပြု၍ ယခုဘဝ ၌သာ မြော်လင့်စရာရှိလျှင်၊ အခြားသော သူအပေါင်းတို့ ထက်သာ၍ ဆင်းရဲသောသူ ဖြစ်ကြ၏။(ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၅း၁၃-၁၉)”

ပြီးတော့ ခရစ်ဝင်ကျမ်းအားလုံးသည် သခင်ယေရှုရှင်ပြန်ထမြောက်ခြင်းအဖြစ်အပျက်၏ မျက်မြင်သက်သေများမှ ကျမ်းထဲတွင်ပါရှိသော အဖြစ်အပျက်များဖြစ်ပြီး နှစ် (၁၀၀) အတွင်း ရေးသားပြုစုထားခဲ့သည့် ကျမ်းစာစောင်များဖြစ်သည့်အတွက် သမိုင်းရှုထောင့်ကကြည့်လျှင်လည်း သမိုင်းစံချိန်၊ စံညွှန်းနဲ့ကိုက်ညီပြီး ယုံကြည်စိတ်ချလို့ရတဲ့ ကျမ်းစာစောင်များဖြစ်ကြောင်း သမိုင်းပညာရှင်များကလည်းဆိုပါတယ်။ ဒါကြောင့် သခင်ယေရှုဘုရား သေခြင်းမှရှင်ပြန်ထမြောက်ကြောင်းနဲ့ သခင့်ရဲ့ ဧဝံဂေလိတရားကို သက်သေခံထားတဲ့ ဓမ္မသစ်ကျမ်းစာစောင် ခရစ်ဝင်ကျမ်း ၄ ကျမ်းလုံးက ယုံကြည်စိတ်ချရမှု ရှိပါရဲ့လား ဆိုတဲ့မေးခွန်းအတွက် အဖြေကလည်း “Yes!”ပါပဲ။

အောက်ပါ ဗီဒီယိုမှာတော့ နာမည်ကျော်အမေရိကန်ခရစ်ယာန် Apologist တစ်ဦးဖြစ်တဲ့ ဆရာကြီး Frank Turek က “ခရစ်ယာန်ယုံကြည်မှုသည် ဘာကြောင့် မှန်ကန်သော ယုံကြည်မှုဖြစ်ရတာလဲ”ဆိုတာနဲ့ ပက်သတ်ပြီး ပြောပြထားပါတယ်။ မြန်မာစာတန်းထိုးတော့ မပါပါဘူး။ အကယ်လို့ အင်္ဂလိပ်လို နားမလည်လည်း ကိစ္စမရှိပါဘူး။ ယခုဆောင်းပါးသည် ဒီဗီဒီယိုထဲက အချက်အလက်အားလုံးနီးပါးကို တင်ပြပြီးသားဖြစ်ပါတယ်။

 

နိဂုံး

အကယ်လို့ ဓမ္မသစ်ကျမ်းစာစောင်များ လုံးဝမရှိခဲ့ဘူးဆိုပါစို့။
အဲ့လိုအခြေအနေမျိုးမှာတောင် ခရစ်ယာန်ဘာသာသည် မှန်ကန်သောဘာသာတရားဖြစ်နေဆဲပါပဲ။
ဘာလို့လို့ သင်ထင်ပါသလဲ။

ဘာလို့လဲဆိုတော့ ခရစ်ယာန်ယုံကြည်မှုသည် သမိုင်းအဖြစ်အပျက်တစ်ခုပေါ်တွင် အုတ်မြစ်ချထားလို့ဖြစ်ပါတယ်။ အဲ့ဒီအဖြစ်အပျက်ကတော့ “သခင်ယေရှုရဲ့ သေခြင်းမှ (၃) ရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ခဲ့ခြင်း” အဖြစ်အပျက်ပဲဖြစ်ပါတယ်။ ထိုအဖြစ်အပျက်ကြောင့်ပဲ ဓမ္မသစ်ကျမ်းစာစောင်များကို စတင်မရေးသားမှီအချိန်ကတည်းကပင် ခရစ်တော်ဘုရားကို ယုံကြည်သူခရစ်ယာန်များဟာ ထောင်ဂဏန်းထိ တိုးပွားနေပြီဆိုတာ သင်သိပါသလား။
ဒီလောက်ခိုင်လုံတဲ့သက်သေအထောက်အထားတွေက “သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်း”ဆီသို့ ဦးတည်ခေါ်ဆောင်သွားပေမယ့် ထိုအဖြစ်အပျက်လုံးဝမရှိခဲ့ဘူးလို့ သင်ငြင်းပယ်ဖို့ဆိုရင် သင်ဟာ ကျွန်ုပ်တို့ထက် ယုံကြည်ခြင်း (Faith) ပိုလိုအပ်နေပါပြီ။
အမှန်တရားဆိုတာ ရှိလား – ရှိပါတယ်။
ဘုရားသခင် တကယ်ရှိလား – ရှိပါတယ်။
အံ့ဖွယ်နိမိတ်လက္ခဏာတွေ ဖြစ်နိုင်သလား – ဖြစ်နိုင်ပါတယ်။
ဓမ္မသစ်ကျမ်းစာများက ယုံကြည်စိတ်ချရလား – စိတ်ချရပါတယ်။
ဒါကြောင့် ခရစ်ယာန်ဘာသာတရားသည် မှန်ကန်သောဘာသာတရားဖြစ်တယ်ဆိုတာ ဟုတ်ပါတယ်။။

သခင်ယေရှု၌
John The Beloved

ကိုးကားထားသော စာပေအရင်းအမြစ်များ

ထာဝရဘုရား၏ သမ္မာကျမ်းစာ (The Holy Bible)
Four Reasons Why Christianity is true – by Dr.Frank Turek