“သင်္ဘောသဖန်းပင် မပွင့်ရ၊ စပျစ်ပင်မသီးရ၊ သံလွင်ပင်၏ကျေးဇူးကို မြော်လင့်၍မခံရ၊ လယ်တို့သည် အသီးအနှံကို မပေးရ၊ သိုးခြံ၌ သိုးကုန်၍ တင်းကုပ်၌ နွားမရှိရ။ သို့သော်လည်း၊ ထာဝရဘုရား၌ ငါဝမ်းမြောက်၍၊ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြု လျက် ရွှင်လန်းမည်။”
ဟဗက္ကုတ် ၃:၁၇-၁၈
ဆရာယုဒဿန် ဆိုသည့်အမည်မှာ ခရစ်ယာန်များအတွက် မရင်းနှီးသည့် နာမည်မဟုတ်ပေ။ ထိုသူမှာ မြန်မာနိုင်ငံနှစ်ခြင်းသာသနာနှစ် ၂၀၀ ကျော်ခရီးအား အဖိုးအခကြီးပေးကာ၊ အရင်းအနှီးကြီးစွာ အစေခံဆက်ကပ်၍ သခင်ခရစ်တော်၏ ဧဝံဂေလိတရားအား ဝေငှသက်သေခံခဲ့သူပင်။ ဒါတင်မကသေးပါ ယခု မြန်မာနိုင်ငံရှိ ယုံကြည်သူခရစ်ယာန်များ လက်ဝယ်၌ဖတ်ရှုနေသော သမ္မာကျမ်းစာအုပ် ကိုလည်း ဟေဗြဲ (Hebrews), ဂရိ (Greek) ဘာသာစကားများမှ မြန်မာဘာသာစကားသို့ပြန်ဆိုပေးခဲ့သူလည်းဖြစ်သည်။ ထိုအမှုအရာသည်လည်း လွယ်ကူခဲ့ခြင်းမရှိပါ။ အဟန့်အတားများစွာရှိခဲ့ပါသည်။ ထိုအရာများထဲမှတခုမှာ သူ၏မျက်စိအားနည်းခြင်းလည်းတခုအပါအဝင်ဖြစ်သည်။
ထိုသူသည်ကျွန်ုပ်တို့၏မြန်မာပြည်ကြီး၌ သုံးဆယ့်ရှစ်နှစ်ကြာ သာသနာပြုခဲ့သည်။ အဦးဆုံးသောသားအားအသက် ရှစ်လအရွယ်၌ဆုံးရှုံးခဲ့ရသည်။ ချစ်ရသော အထောက်အမ ဇနီးသည်ကိုလည်း ဆုံးရှုံးခဲ့ရသည်။ ဒုတိယအိမ်ထောင်၌လည်း အလားတူဖြစ်ရပ်ကိုကြုံခဲ့ရသည်။ ညစ်ပတ်သောအကျဉ်းခန်းထဲ၌လည်း နှစ်ဆယ့်တစ်လ ပတ်လုံးနေခဲ့ရသည်။ ခြောက်နှစ်တာကာလကြာမှ အဦးဆုံးသောပြောင်းလဲသူကိုရခဲ့သည်။ ဧဝံဂေလိတရား မဝေငှစေခြင်းငှာ အကြိမ်ကြိမ် မြစ်တားခြိမ်းခြောက်ခံခဲ့ရသည်။ ကြောက်ရွှံ့သော်လည်း မရပ်တန့်ခဲ့ပါ။ သူ့အကြောင်းကိုဖော်ပြရန်များစွာရှိပါသေးသည်။ သို့သော် ဒီနေရာမှာရပ်တန့်ပြီး မေးဖို့ရာ မေးခွန်းရှိပါသည်။ “ဆရာယုဒဿန် ထိုသို့လုပ်ဆောင်နိုင်ရန် စေ့ဆော်ပေးသည့်အရာမှာ အဘယ်အရာနည်း”။ “အဘယ့်ကြောင့် ဤအမှုအရာများ၌ ထက်သန်စွာဖြင့် ဖြတ်သန်းခဲ့သနည်း”။အကြောင်းအရင်းတခုသာရှိပါသည်။ ပျောက်ဆုံးနေသာဝိညာဉ်များစွာထံသို့ ခက်ခဲကြမ်းတမ်းဒုက္ခများစွာကိုသည်းခံရင်း ဧဝံဂေလိတရားရောက်ရှိစေရန်ဖို့ရာ သူ့အားလှုံ့ဆော်ပေးခဲ့သည်မှာ သခင်ခရစ်တော်၏မေတ္တာပေတည်း။
ခရစ်တော်အားသင်အစေခံနေသည့် အကြောင်းခံမှာအဘယ်အရာနည်း။ သင့်အားရုပ်ဝတ္တုကောင်းကြီးများပြန်ပေးသောကြောင့်အစေခံနေခြင်းလော။ သူ့ကိုအစေခံလို့ နာကျင်ခြင်း၊ ခက်ခဲခြင်းတွေကြုံရမည်ဆိုရင်ကော သင်အစေခံမည်လော။ “ရဖို့အတွက်ပေးတယ်” ဆိုတဲ့လောကရဲ့အတွေးအခေါ်သက်ရောက်မှုတွေကြောင့် ငါဘုရားကိုအစေခံတာ ကောင်းကြီးရလို့ဘဲဖြစ်လာကြတယ်။ ဘုရား၌ဝမ်းမြောက်ရမည်ထက် ဘုရားပေးသည့်ကောင်းကြီးပေါ်မှာ သာ၍ဝမ်းမြောက်လာကြသည်။ ယုံကြည်သူ ခရစ်ယာန်တယောက်၏ယုံကြည်ခြင်း အနှစ်သာရမှာ ဘုရားသခင်ကိုယ်တိုင်သည်သူ့အတွက်အားရကျေနပ်ရန်လုံလောက်သည်ကို ဝန်ခံနိုင်ခြင်းပင်။
သမ္မာကျမ်းစာထဲ၌ ယောဘ ဆိုသည့် ဘုရားကိုကြောက်ရွှံ့သောသူတစ်ယောက်အကြောင်းကိုမှတ်တမ်းတင်ထားသည်။ ယနေ့မျက်မှောက်ခေတ်နှင့်ဆိုလျင် သန်းကြွယ် သူဌေးတစ်ယောက်ပင်။ သူသည်ချမ်းသာကြွယ်ဝသော်လည်း စည်းစိမ်၌အသက်မရှင်ဘဲ သူ့နှလုံးသားအား ဘုရားသခင်ထံ၌ ဝန်ခံအပ်နှံထားသူဖြစ်သည်။ ယောဘ၏ဝန်ခံအပ်နှံထားခြင်းကို ဘုရားသခင်စိတ်ချလက်ချယုံကြည်သည်ကိုလည်းတွေ့မြင်ရသည်။
“ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကိုဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာ သူနှင့် တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။”
ယောဘဝတ္တု ၁:၈
သို့သော် စာတန်ဟာ ယောဘရဲ့ဝန်ခံအပ်နှံထားခြင်းအား အဘယ်မျှလောက်နက်ရှိုင်းသည်ကိုစုံစမ်းနှောင့်ယှက်ချင်ခဲ့သည်။ အပေါ်မှာမေးခဲ့တဲ့ မေးခွန်းလိုမျိုးပါဘဲ စာတန်ဟာ ဘုရားကိုမေးခဲ့ပါတယ်။
“လူတစ်ယောက်ဟာ ဘုရားကိုအစေခံဖို့ ရှိနေတဲ့ အကြောင်းခံဟာဘာလဲ?။”
“သစ္စာရှိခြင်းဟာ အဖိုးအခမရှိဘူးဆိုရင်ကော ထိုသခင်ကိုဆက်ပြီးအစေခံဦးမှာလား?။”
စာတန်ဟာ ယောဘကိုအဆင့်နှစ်မျိုးဖြင့် စုံစမ်းဖို့ရာ ဘုရားသခင်အခွင့်ပေးခဲ့တယ်။ ပထမအဆင့်၊ စည်းစိမ်နှင့်သားသမီးတွေကို ဆုံးရှုံးခဲ့ရတယ်။ သူ့ရဲ့တုန့်ပြန်မှုက … ?
“ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။”
ယောဘဝတ္တု ၁:၂၁
ဒုတိယအဆင့်၊ စာတန်ကသူ့ရဲ့ကျန်းမာရေးကိုထိခိုက်စေတယ်။ ဦးခေါင်းကနေ ခြေဖျားအထိအနာတွေဗရဘွနဲ့ နာကျင်ခက်ခဲသော်လည်း
“အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှမမှားယွင်း။”
ယောဘဝတ္တု ၂:၁၀
ဝတ်ကောင်းစားလှ၊ သက်တောင့်သက်သာနှင့် ဘုရားကိုအစေခံဖို့ရာလွယ်ပါတယ်။ ဒီလိုပြောလို့ အစားအသောက်ကောင်းတွေစား၊ အဝတ်အစားကောင်းတွေဝတ်တာမှားတယ်လို့ပြောချင်တာမဟုတ်ပါဘူး။ ဒါပေမယ့် မေးချင်တာက ကျွန်ုပ်တို့ ဒုက္ခထဲ၌လည်းအစေခံဖို့ ဆန္ဒပြင်းပြမည်လော။ ကောင်းသောအရာတွေကို အသက်တာထဲကနေ ယူဆောင်သွားမည်ဆိုရင်ကော သခင့်အပေါ်မှာ ဆက်ပြီးသစ္စာရှိလိမ့်မည်လော။
ယောဘရဲ့ဒုက္ခဆင်းရဲခြင်း၌ အံ့သြစရာကောင်းသည့်အရာမှာ ယောဘမေးခွန်းမထုတ်ခဲ့ပါဘူး “ဘာလို့ငါ့ဆီမှာဒီလောက်ဆိုးရွားတဲ့ အရာတွေဖြစ်ပျက်နေရလဲ” ဆိုတာမျိုးပေါ့။ စာတန်ကသူ့ရဲ့ သစ္စာတရားကို စုံစမ်းနှောင့်ယှက်နေခဲ့တာကိုလည်း သူမသိခဲ့ပါဘူး။ နှစ်ဆသောစည်းစိမ်နဲ့ကောင်းချီးပြန်ခံစားရမယ်လို့ အာမခံပေးထားတာမျိုးလည်းသူ့မှာမရှိခဲ့ပါဘူး။ ဒါကြောင့် ဘုရားသခင်အားယောဘ သစ္စာရှိလျက်နေနိုင်ခဲ့ရန် တခုတည်းသောလမ်းမှာ မှန်ကန်သောအကြောင်းခံ လှုံ့ဆော်မှု(motive)ကို ပထမနေရာ၌ထားရှိခဲ့သောကြောင့်ပင်။ ရိုသေလေးမြတ်ခြင်းထဲကနေဘုရားကို ယောဘအစေခံခဲ့သည်။ ကိုယ့်အကျိုးစီးပွားအတွက် သူ့အားအစေခံခဲ့သူမဟုတ်ပါ။
ဘုရားသခင်၌ယုံကြည်လျက် နာခံဖို့ရာ အဘယ်အရာကကျွန်ုပ်တို့အား လှုံ့ဆော်သနည်း။ သခင်အားဧကန်ချစ်သည်လော သို့တည်းမဟုတ် သခင့်ထံမှအကျိုးကိုရသောကြောင့် သူ့အားချစ်ခြင်းလော။ သခင်ဘုရား၌အမှန် အပ်နှံခြင်းငှာ သင့်ရဲ့ဆပ်ကပ်အစေခံခြင်း၌ စစ်မှန်သော အကြောင်းခံ လှုံ့ဆော်မှုရှိရမည်။ သင့်နှလုံးကို ယနေ့ပင်စစ်ဆေးပါ။ သင်သည်အစေခံဖို့ရာ ဆန္ဒပြင်းပြသည်သာမကဘဲ၊ ဒုက္ခ၊ဆင်းရဲ၊နာကျင်ခြင်းထဲ၌လည်း အစေခံဖို့ရာပြင်းပြသည်ကို သေချာစေပါ။
“ထိုအခါ တပည့်တော်တို့နှင့် ပရိတ်သတ်များကို ခေါ်တော်မူပြီးလျှင်၊ အကြင်သူသည် ငါ၌ဆည်းကပ်ခြင်းငှါ အလိုရှိ၏။ ထိုသူသည် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်၎င်း၊ ဧဝံဂေလိတရားကြောင့်၎င်း အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။ လူသည် ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။”
ရှင်မာကု ၈:၃၄-၃၆
ခရစ်တော်၌
The Blessed Desk.